ရွေးကောက်ပွဲ အတွက် လူစာရင်းများ ကောက်ခံ ပြည်သူများက စာရင်းကောက်မှုကို မလိုလား
တက်လူ | လာမည့် ရွေးကောက်ပွဲ အတွက် ရန်ကုန်တွင် မဲပေးရန် လူစာရင်းများကို ယခုလလယ်မှ စတင် ကောက်ခံ နေပြီဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ (၁၉) ရက်တွင် ကျောက်တံတားမြို့နယ် (၃၆) လမ်း၌ ရပ်ကွက်အာဏာပိုင်များက လော်စပီကာများဖြင့် ရပ်ကွက်တွင်းနေထိုင်သူများကို ၎င်းတို့၏ အိမ်ထောင်စု စာရင်းများ၊ ယာယီ အိမ်ထောင်စု စာရင်းများ၊ ဧည့်စာရင်းများကို ယူဆောင်၍ စာရင်းပေးရန် လိုက်လံဆော်သြနေသည်ဟု အဆိုပါလမ်းတွင် နေထိုင်သူ တဦးက ပြောသည်။
လမ်း (၄၀) တွင် နေထိုင်သူ တဦးကလည်း “ကျနော်တို့ လမ်း (၄၀) မှာလည်း ဒီဇင်ဘာ (၁၇) ရက်နေ့က စာရင်း လာကောက် တယ်။ မဲပေးဖို့ လူစာရင်းကို ကောက်တာလို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က မယုံဘူး။ စာရင်း ကောက်ပြီးတော့ စာရင်းပေးသူတွေအားလုံး သူတို့ကို ထောက်ခံသူတွေလို့ စာရင်းယူ မသွားဘူးလို့ ဘယ်သူ ပြောနိုင်လို့လဲ” ဟု ပြောသည်။

ထိုသို့ စာရင်း ကောက်ယူမှုများမှာ အိမ်ရှင်၊ အိမ်ငှားနှင့် ပတ်သက်၍ စာရင်း ကောက်ခြင်း ဖြစ်ကြောင်း၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် မဲဆန္ဒပေးသည့်အခါ မဲပေးခွင့်ရသူနှင့် မဲပေးခွင့် မရသူများကို ခွဲထုတ်ရန် အတွက် ဖြစ်ကြောင်း ရန်ကုန်တိုင်း လူဝင်မှုဦးစီးဌာနမှ အရာထမ်းတဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ဆန္ဒမဲပေးပွဲပြုလုပ်ခဲ့စဉ်ကလည်း စာရင်းကောက်ထား သူများကို အမှန်ခြစ် (ထောက်ခံသူ) အဖြစ် အသိအမှတ်ပြုသွားခြင်းကို ပြည်သူတို့က သိရှိနေသည့် အတွက် ယခုကဲ့သို့ ကြိုတင် စာရင်းကောက်ခံခြင်းကို မလိုလားကြကြောင်း စာရင်းကောက် အဖွဲ့တွင် ပါဝင်သူ တဦးက ပြောသည်။
“မယုံကြတာတော့ အသေအချာပဲ။ ကျနော်တို့ ကလည်း တာဝန် အရ လုပ်ရတာဖြစ်တယ်။ လာပြီး စာရင်းပေးချင်ရင် ပေး၊ မပေးချင်လည်း နေ၊ အတင်းအကျပ်တော့ မလုပ်ဘူး။ ရွေးကောက်ပွဲက ဘယ်ဆီနေမှန်း မသိသေးဘူး” ဟု ကျောက်တံတားမြို့ နယ် ကြံ့ဖွံ့အဖွဲ့ဝင်တဦးက ပြောသည်။
ရွေးကောက်ပွဲ အတွက် စည်းမျဉ်း ဥပဒေများ ထုတ်ပြန်မှုမရှိခြင်း၊ ပါတီများ ထောင်ခွင့် မရသေးခြင်း အပေါ် ပြည်သူများက နားမလည် နိုင်ဘဲ ယခုကဲ့သို့ စာရင်းကောက်နေသည်မှာ တဖက်သတ်ဆန်နေသည်ဟု အငြိမ်းစား ရှေ့နေ တဦးက ပြောသည်။
နအဖ အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြီးခဲ့သည့် နိုဝင်ဘာ (၂၇) ရက် နေပြည်တော်တွင် ပြုလုပ်သော ကြံ့ဖွံ့ နှစ်ပတ်လည် အစည်းအဝေးတွင် ၂၀၁၀ ၌ ကျင်းပမည့် ရွေးကောက်ပွဲကို လူထု ထောက်ခံ ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ လွတ်လပ်မှုနှင့် မျှတမှုရှိစွာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောဆိုမှုကို အစိုးရပိုင် သတင်းစာတွင် ရေးသားဖော်ပြ ထားသည်။
“လွတ်လပ်မှုလို့ပဲ ပြောပြော၊ မျှတမှုလို့ပဲ ဆိုဆို ဒါက ပြည်သူတွေကို နားလှည့် ပါးရိုက်လုပ်တာ ဖြစ်တယ်။ မြန်မာ အစိုးရဟာ မတရားတဲ့၊ မမျှတတဲ့ လုပ်ရပ်တွေကို လုပ်လာခဲ့တာ အနှစ် (၂၀) ကျော်နေပြီ။ ဒီတခါ တရား မျှတမှု ရှိနိုင်ပါ့မလား။ မြန်မာ ပြည်သူတွေ ကတော့ လှည့်စား ခံနေရတာပါပဲ” ဟု စာပေဗိမာန်ဆုရ စာရေးဆရာ တဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မဲဆန္ဒပေးပွဲနှင့် ပတ်သက်၍ ပန်းပဲတန်းတွင် နေထိုင်သူ ကျောင်းဆရာမ တဦးကလည်း “ပန်းပဲတန်းမှာ ဥပဒေအတည်ပြုရေးအတွက် မဲပေးမယ့်နေရာကို မသွားရခင်မှာ အိမ်ကို အမှန် ခြစ်ထားတဲ့ စာရွက် လာပေးတယ်။ အဲဒီလိုပဲ လုပ်ပေးပါဆိုတာကို ပြောလာတယ်။ ဟာ ဒါဆိုရင် ကျမတို့အနေနဲ့  မိမိသဘောဆန္ဒကို ဆောင်ရွက်ခွင့် မရဘူးဆိုတဲ့ သဘောပေါ့။ ကောင်းပြီ ဒါဆိုရင် အဲဒီကို မသွားတော့ဘူး။ ဒီက လူကြီးတွေပဲ ကျမတို့ကိုယ်စား ထည့်လိုက် ပါတော့လို့ ပြန်ပေး လိုက်တယ်။ ဒါက ကိုယ်တွေ့ဖြစ်ရပ်ပါ။ ပြောချင်တာက ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါ့မလား ဆိုတာကို မဲပေးမယ့်သူတွေ အားလုံးက စဉ်းစားသင့်တယ်” ဟု ပြောသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment