12/08/2009

ဝတပ်ဖွဲ့ ဗဟို၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက် အောက်ခြေ အထိ ချပြ ဆွေးနွေး နေပြီ

ခိုင်လင်း | နိုဝင်ဘာ (၂၆) ရက်မှ (၂၈) ရက်အထိ ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒဗလျူ အက်စ်အေ) ဝတပ်ဖွဲ့ ဌာနချုပ် ပန်ဆန်း မြို့တွင် ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး၏ ဆွေးနွေး ဆုံးဖြတ်ချက်များကို ခရိုင်၊ မြို့နယ်နှင့် တိုက်နယ် အဆင့်အထိ ချပြ ဆွေးနွေး နေသည်။

ဝတပ်ဖွဲ့၏ လက်နက် တလက်၊ နယ်မြေ တလက် မကိုမျှ အဆုံးရှုံး မခံရေး အတွက် မိမိဒေသကို မိမိ ကာကွယ်သွားမည်၊ ဝတောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသများကို ခွဲထုတ်သည့် အစီစဉ်ကိုလည်း လက်မခံကြောင်းနှင့် ဝတပ်ဖွဲ့၏ စည်းလုံး ညီညွတ်မှုကို ပြိုကွဲစေမည့် သွေးထိုး လှုံ့ဆော် သပ်လျှိုမှုများကို ကာကွယ် သွားမည်၊ ဝပြည်နယ် လူထု၏ အကျိုးစီးပွား အတွက် ဝပြည် သွေးစည်း ညီညွတ်ရေး ပါတီ၏ ဦးဆောင် လမ်းညွှန်မှု အောက်တွင် ဝတပ်မတော်က လိုက်နာ ဆောင်ရွက် သွားရမည် ဖြစ်ပြီး စစ်ရေးအသင့် ပြင်ဆင် ထားရမည်ဟု ၀တပ်ဖွဲ့ ဗဟိုက ဆုံးဖြတ် ထားသည်ဟု ဝတပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် နိုဝင်ဘာ (၁) ရက်နေ့က ထုတ်ပြန်ထားသည့် ဒေသအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အကောင်ထည်ဖော် လုပ်ဆောင် သွားမည်၊ အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံ နယ်စပ် ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းကာ မူးယစ် ဆေးဝါးကို တိုက်ဖျက် သွားမည်ဟုလည်း ဆုံးဖြတ်ချက်တွင် ပါရှိသည်ဟု အဆိုပါ နီးစပ်သူက ပြောသည်။

၎င်းက “ဗိုလ်ရဲမြင့်နဲ့ တွေ့ပြီးမှ ဗဟို ကော်မတီ အရေးပေါ် အစည်းဝေးကနေ ဆုံးဖြတ် လိုက်တာ ဆိုတော့ ထူးခြားတာပေါ့။ အခု အဲဒီ ဆုံးဖြတ်ချက်တွေကို ခရိုင်၊ မြို့နယ်အလိုက် အောက်ခြေအထိ ချပြဆွေးနွေးနေတယ်” ဟု ပြောသည်။

ဝပြည်နယ်ကို မြန်မာနိုင်ငံထဲမှ ခွဲထွက်မည် မဟုတ်သလို မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာသည် တိုင်းရင်းသားအရေး ကိစ္စရပ်ဖြစ်ပြီး မှန်မှန် ကန်ကန် ဖြေရှင်း နိုင်မှသာ အမျိုးသား အချင်းချင်းယုံကြည်မှု တည်ဆောက်ရေး၊ ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး ရှိလာမည်ဟု ဝဗဟို ကော်မတီက ယုံကြည် ဆုံးဖြတ်ထားသည်ဟု အဆိုပါ ဝတပ်ဖွဲ့ ခေါင်းဆောင် များနှင့် နီးစပ်သူက ပြောသည်။

နိုဝင်ဘာ (၁၄) ရက်က ရှမ်းပြည် မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ပါဝင်သောအဖွဲ့နှင့် ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျံ ဦးဆောင်သောအဖွဲ့အကြား တွေ့ဆုံခဲ့မှု အတွင်း မိမိတပ်ဖွဲ့ကို မိမိဘာသာအုပ်ချုပ်မည် ဆိုသည့် အချက်အပါအဝင် ဝတပ်ဖွဲ့၏ တောင်းဆိုချက်များကို နအဖဘက်က ငြင်းဆိုခဲ့ပြီး ဒီဇင်ဘာလကုန်ရက်မတိုင်မီ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် အကြောင်းပြန်ရန် နအဖ၏ဖိအားပေးခြင်း ခံခဲ့ရပြီးနောက် ဝတပ်ဖွဲ့က ဗဟို ကော်မတီ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဝတပ်ဖွဲ့သည် ကိုးကန့်တပ်ဖွဲ့ကဲ့သို့ လွယ်လွယ်ကူကူ တိုက်၍ ရမည် မဟုတ်ကြောင်းနှင့် မိမိတို့သည် မိမိဒေသကို အစွမ်းကုန် ခုခံ ကာကွယ်သွားမည်ဟု ဝတပ်မှူး တဦးက မကြာသေးမီက ပြောခဲ့သည်။

၎င်းက “ကိုးကန့်တပ်ဖွဲ့ကျတော့ သူတို့ အချင်းချင်းထဲမှာကို စီးပွားရေးနဲ့ ပတ်သက်လို့ ပြဿနာတွေ ရှိနေတယ်။ ကျနော်တို့ ကျတော့ အဲလို မဟုတ်ဘူး။ သမိုင်းကြောင်း အရလည်း မတူဘူး။ ကျနော်တို့ လက်နက် ကိုင်ထားတာဟာ ငြိမ်းချမ်းရေးကို လိုလားလို့၊ မိမိ ဒေသကို မိမိကာကွယ်ဖို့ ကိုင်ထားတာ။ ကိုယ်ကတော့ သွားပြီး တိုက်မှာ မဟုတ်ဘူး။ သူတို့ ရန်စလာပြီ၊ ကျူးကျော်လာပြီဆိုရင်တော့ အစွမ်းကုန် ခုခံ ကာကွယ်သွားမယ်” ဟု ပြောသည်။

ယခု ဝဗဟို ကော်မတီ အရေးပေါ် အစည်းဝေး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝတပ်ဖွဲ့၏ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရပေ။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: