12/11/2009

ကိုညီညီအောင် ကျန်းမာရေးကြောင့် တရားရုံး မလာနိုင်

NEJ | ကိုညီညီအောင်အား ရုံးထုတ်သည့် ယနေ့ရုံးချိန်းတွင် ကျန်းမာရေးအခြေအနေကြောင့် ကိုညီညီအောင် မလာရောက်နိုင်သည့် အတွက် ရုံးချိန်းထပ်မံရွှေ့လိုက်ကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော်တို့ အပြည့်အစုံတော့ မသိဘူး။ ကိုညီညီအောင်ကို ရုံးရှေ့ မထုတ်လာဘူး။ ထောင်အာဏာပိုင်တွေက တရားရုံးကို အကြောင်းကြားတယ်။ ကျန်းမာရေး အခြေအနေကြောင့် ထုတ်လို့ မရဘူးလို့ အကြောင်းကြားတယ်။ နောက် သောကြာကို ရုံးချိန်း ပေးလိုက်တယ်။ သံရုံးကတော့ တွေ့ဖို့ ကြိုးစား နေတယ်၊ ဘယ်အဆင့် ရောက်သလဲတော့ ကျနော် မသိဘူး” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

စစ်အစိုးရ၏ ဖမ်းဆီးခြင်း ခံနေရသည့် ကိုညီညီအောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၄) ရက် သောကြာနေ့ ညနေပိုင်းမှ စတင်ကာ အင်းစိန်ထောင် အတွင်း၌ အစာငတ်ခံ ဆန္ဒပြနေကြောင်း ၎င်း၏ မိသားစုဝင်များက ပြောသည်။

စစ်အစိုးရ အနေဖြင့် မတရား ဖိနှိပ် ချုပ်ချယ်မှုများ ပြုလုပ်နေခြင်း၊ တွေ့ဆုံဆွေးမှုများ မပြုလုပ်ခြင်းတို့ကြောင့် ကိုညီညီအောင်က ယခုကဲ့သို့ အစာငတ်ခံ ဆန္ဒပြနေခြင်း ဖြစ်သည်ဟု ပြီးခဲ့သည့် တနင်္လာနေ့တွင် ကိုညီညီအောင်အား သွားရောက် တွေ့ဆုံခဲ့သည့် အဒေါ် ဖြစ်သူက ပြောသည်။

ယနေ့ တရားရုံး ထုတ်ရာတွင် ကိုညီညီအောင် လာရောက်နိုင်ခြင်း မရှိသည့် အတွက် ၎င်း၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက “အန်တီတို့ကတော့ သူ့အတွက် ကျန်းမာရေးကို အရမ်း စိုးရိမ်ပါတယ်။ အခု ကျန်းမာရေးကြောင့် မထွက်နိုင်ဘူး ဆိုတော့ အသက်အန္တရာယ်ကိုလည်း အရမ်းစိုးရိမ်သွားတာပေါ့။ ဟိုတပတ်ကမှ သူအား မရှိပေမယ့် တွေ့ရတယ်။ (၇) ရက်လောက် ဆိုတော့ သူလည်းမထနိုင်တော့ဘူး ထင်ပါတယ်” ဟု ပြောသည်။

ကိုညီညီအောင် ယခုကဲ့သို့ အစာငတ်ခံ ဆန္ဒပြနေသည့် အကြောင်းကို ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးသို့ အကြောင်းကြားထား သဖြင့် သံရုံးမှ တာဝန်ရှိ သူများက ကိုညီညီအောင်အား တွေ့ဆုံနိုင်ရန် ကြိုးစား သော်လည်း ယနေ့ အထိ တွေ့ဆုံခွင့် မရသေးကြောင်း ဒေါ်ခင်ခင်ဆွေက ပြောသည်။

ဘန်ကောက် မြန်မာသံရုံး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော မြန်မာလူမျိုး အမေရိကန် နိုင်ငံသား ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်ကို နအဖစစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် အောက်တိုဘာ (၁၄) ရက်နေ့၌ အင်းစိန်ထောင် တရားရုံးတွင် အမှုစွဲတင်ခဲ့သည်။

ကိုညီညီအောင်အား လိမ်လည်မှုပုဒ်မ (၄၂၀)၊ စာရွက်စာတမ်းအတု အသုံးပြုမှု ပုဒ်မ (၄၆၈) တို့နှင့် စစ်အစိုးရက အမှုစွဲတင်ထားပြီး ရှေ့နေကြီးများဖြစ်သော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ကိုညီညီအောင်၏ အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးနေကြသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: