12/05/2009

ထိုင်းဘုရင့် မွေးနေ့ပွဲတွင် သီဆို ဖျော်ဖြေမည်ဟု အဆိုတော် ဇော်ပိုင် ပြောဆို

မြင့်မောင် | နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ မြို့တော်ဝင်၏ ဖိတ်ကြားချက် အရ မြန်မာ အဆိုတော် ၄ ဦးသည် ယခုလ ၅ ရက်နေ့တွင် ကျရောက်မည့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ ၈၂ နှစ်မြောက် မွေးနေ့ ပွဲတော်သို့ သွားရောက်၍ သီဆိုဖျော်ဖြေမည်ဟု အဆိုတော် ဇော်ပိုင်က ပြောသည်။

သူနှင့်အတူ ဟစ်ဟော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ကြိုးကြာနှင့် ရေဗက္ကာဝင်းတို့က ယခုလ ၅ ရက်နှင့် ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဘုရင်ဈေး တည်နေရာတွင် ဖျော်ဖြေ သွားမည်ဟု ဆိုသည်။

“ဟုတ်ကဲ့ ကျနော်က ၆ ရက်နေ့မှာ သွားမှာပါ။ ပွဲကို စီစဉ်သူက ကိုခင်မောင်ထိုက်ပါ။ သူက ကျနော်တို့ကို တခါ ခေါ်ဖူးပါတယ်။ ကျနော်တို့ကို မြို့တော်ဝင်က ဖိတ်တော့ ဖိတ်တာပါ။ ကျနော်တို့ဆီကို မြို့တော်ဝင် တိုက်ရိုက် ဆက်သွယ်တာ မဟုတ်ပါဘူး။ ကိုခင်မောင်ထိုက်က ဆက်သွယ်တာပါ” ဟု အဆိုတော် ဇော်ပိုင်က မဇ္ဈိမကို ပြောသည်။ ကိုခင်မောင်ထိုက်သည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ တဦးဖြစ်သည်။

ရန်ကုန်တွင် ရှိုးပွဲရှိနေသဖြင့် ပထမရက်တွင် မဲဆောက်သို့ သွားရောက်နိုင်မည် မဟုတ်ဘဲ၊ ၆ ရက်နေ့တွင် ပြုလုပ်မည့် ဒုတိယပွဲကျမှသာ သွားရောက်နိုင်မည်ဖြစ်ကြောင်းနှင့် 'မင်းအတွက်ဆိုရင်' (၁ဝ စက္ကန့်စီးရီး) နှင့် 'လမ်းဆုံ' (လမ်းဆုံစီးရီး) သီချင်းများကို သီဆိုရန် ရွေးချယ်ထားကြောင်း သူက ဆက်ပြောသည်။

မဲဆောက်မြို့ ဂီတဖျော်ဖြေပွဲကို ထိုင်းစံတော်ချိန် ည ၈ နာရီမှ ၁ဝ နာရီခွဲအထိ ကျင်းပသွားမည်ဖြစ်ပြီး၊ လက်မှတ်များလည်း ရောင်းချနေသည်။

“ဝင်ကြေးကတော့ ထိုင်ခုံနဲ့ဆိုရင် ဘတ် ၂ဝဝ ၊ ရိုးရိုးတန်း ဘတ် ၁ဝဝ ပေးရတယ်။ တရက်စာ မဟုတ်ဘဲ နှစ်ရက်အတွက် တခါထဲ ရောင်းတာ” ဟု မဲဆောက်တွင် အလုပ်လုပ်နေသူ မြန်မာတဦးက ပြောသည်။

မဲဆောက်တွင် မြန်မာနိုင်ငံမှ လာရောက်၍ အလုပ်လုပ်ကိုင်သူ ဦးရေ ၅ သိန်းကျော် ရှိပြီး အများစုမှာ အထည်စက်ရုံ၊ စားသောက်ဆိုင်နှင့် အိမ်ဖော်အလုပ်များ လုပ်ကိုင်လျက်ရှိသည်။

ထိုင်းဘုရင် မွေးနေ့ပွဲတော်ကို ယခုလ ၁ ရက်နေ့မှ ၁ဝ ရက်နေ့အထိ မဲဆောက်တွင် ကျင်းပလျက်ရှိသည်။

source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်: