ရန်ကုန် အဆင့်မြင့် အရောင်းစင်တာများ ဈေးပိတ်ရက် စတင် သတ်မှတ်
ရန်ကုန်မြို့တွင်းရှိ ပိတ်ရက် သတ်မှတ်ထားခြင်း မရှိသေးသည့် အဆင့်မြင့် အရောင်းစင်တာကြီးများကို တပတ်လျှင် တရက် ဈေးပိတ်ရက် သတ်မှတ်ရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း သိရသည်။
ရန်ကုန်စည်ပင် မြို့နယ် တာဝန်ခံ တဦးက “Shopping Center အားလုံးကို ရုံးပိတ်ရက် သတ်မှတ်ဖို့ ညွှန်ကြားထားပြီးပြီ။ ကျန်တဲ့အပိုင်းက သူတို့ စင်တာတွေ အချင်းချင်း၊ ဝန်ထမ်းအချင်းချင်းတွေက ပိတ်ရက် ရွေးကြ လိမ့်မယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ပထမဆုံး အနေဖြင့် ရန်ကုန်မြို့၏ အကြီးဆုံး ယုဇနပလာဇာကို ဈေးအရောင်း ဝန်ထမ်းများ၏ သဘော ဆန္ဒအရ တနင်္လာနေ့ကို ဈေးပိတ်ရက် အဖြစ် ပြီးခဲ့သည့် အပတ်က စတင် သတ်မှတ် လိုက်ကြောင်း သိရသည်။
“ဈေးပိတ်ရက်ကို ဒီလို တရားဝင် သတ်မှတ်လိုက်တော့ ကျနော်တို့ အတွက် ကိုယ်ပိုင် နားရက် ရပြီပေါ့။ နိုဝင်ဘာ (၃၀) ရက်နေ့ ဒီလကုန်ကျရင် စပိတ်ပေးပြီ။ တလဆိုရင် (၄) ရက် အပြည့်နားလို့ ရပြီပေါ့” ဟု ယုဇနာ ပလာဇာ အောက်ထပ်မှ အရောင်း ဝန်ထမ်း တဦးက ပြောသည်။

ယုဇနာ ပလာဇာ ဈေးပိတ်ရက်ကို သတ်မှတ်ပြီး ဖြစ်သော်လည်း ကျန်ရှိသည့် အရောင်း စင်တာများနှင့် ကုန်တိုက်ကြီးများမှာမူ သတ်မှတ်ရန် မလွယ်ကူသေးကြောင်း သိရသည်။
ဗဟန်းမြို့နယ် ယုဇနစင်တာမှ အရောင်း ဝန်ထမ်း တဦးက “ဒီယုဇန စင်တာလိုပဲ ကျန်တဲ့ ဒဂုံစင်တာတို့၊ ရန်ကင်း စင်တာတို့ကတော့ ပိတ်ရက်ရွေးဖို့ မသေချာသေးဘူး။ ဆိုင်ရှင်တွေက ဆိုင်မပိတ်ချင်ကြဘူးပေါ့။ ဘာလို့လဲဆိုတော့ အရောင်းဝန်ထမ်းတွေအတွက် နားရက်ကို အလှည့်ကျ ပေးထားပြီးသားဆိုတော့ သိပ်မလွယ်သေးဘူး။ ဒါပေမယ့် ပိတ်ရက် သတ်မှတ် ရမယ် လို့တော့ ကြားထားတယ်” ဟု ပြောသည်။
ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးသည် တနင်္လာနေ့ကို ဈေးပိတ်ရက်အဖြစ် သတ်မှတ်ထားရှိပြီး အခြားအထင်ကရ ဈေးကြီးများ၊ စင်တာများ၊ ကုန်တိုက်များက အခါကြီးရက်မြတ်များတွင်သာ ပိတ်၍ ပုံမှန်ဈေးပိတ်ရက်မျိုး သတ်မှတ်ထားခြင်း မရှိသေးသဖြင့် အရောင်းဝန်ထမ်းတို့က တင်ပြပြီးနောက် သက်ဆိုင်ရာက ယင်းကဲ့သို့ စတင်သတ်မှတ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
အရောင်းဆိုင်ဝန်ထမ်းတို့အား ဆိုင်ရှင်များအနေဖြင့် ရက်သတ္တ (၁) ပတ်လျှင် (၄၈) နာရီထက် ပိုမိုခိုင်းစေလျှင် ဥပဒေနှင့် ငြိစွန်းနေ သဖြင့် အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်း လွန်ခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့တော်ဝန်က ညွှန်ကြား ထားသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment