မော်လမြိုင် နှစ်ထပ်ဈေးမှ အမြတ်ငွေ သိန်းပေါင်း သိန်းချီရ
လင်းနိုင်ဦး | ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၏သား အဓိက ရှယ်ယာ ပါဝင်သည့် ဧရာဟင်္သာ ကုမ္ပဏီသည် မော်လမြိုင် အမှတ် (၁) ဈေး ဆောက်လုပ်ရာ တွင် အမြတ်ငွေ ကျပ် သိန်းပေါင်း (၁) သိန်းကျော် ရရှိခဲ့ကြောင်း အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်း၌ ပါဝင်ခဲ့သူ အင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက “ကျနော်တို့ ဈေးဆောက်တာ ဆိုင်ခန်းပေါင်း (၁,၃၃၆) ခန်း ထွက်တယ်။ မူလပိုင်ရှင်တွေရဲ့ အခန်း (၁,၁၂၄) ခန်းကို တခန်း ကျပ် သိန်း (၅ဝ) သွင်းခိုင်းတာက ကျပ်သိန်းပေါင်း (၅၆,၂ဝဝ) ရတယ်။ ကုမ္ပဏီခွဲတမ်းက ပိုတဲ့ အခန်းပေါင်း (၂၁၂) ခန်း ကို အနည်းဆုံး ကျပ်သိန်း (၄ဝဝ) လောက်နဲ့ ဈေးဖွင့်ရောင်းတာ၊ အကြမ်းဖျဉ်း ကျပ်ငွေ သိန်းပေါင်း (၈၄,၈ဝဝ) ရတယ်။ စုစုပေါင်းဝင်ငွေ သိန်းပေါင်း (၁) သိန်း (၄) သောင်း ကျော်တယ်။ ဈေးဆောက်တာက ကျပ်သိန်း (၄) သောင်း မကုန်ဘူး။ ဒီတော့ စုစုပေါင်း အမြတ်ငွေ ကျပ် သိန်းပေါင်း (၁) သိန်းကျော်ရတယ်” ဟု ပြောသည်။
အဆိုပါ ဧရာဟင်္သာ ကုမ္ပဏီသည် ဗိုလ်ချုပ်ကြီး ရွှေမန်း၏သား အောင်သက်မန်း၊ မော်လမြိုင်မြို့ခံ တိုင်းမှူးနှင့် ရင်းနှီးသည့် စီးပွားရေး သမားများ ပါဝင်ပြီး အမှတ် (၁) ဈေး ဆောက်ရန် အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဈေး မီးလောင်ပြီး နောက်ပိုင်း မော်လမြိုင် အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီများ ဈေးသစ် ဆောက်လုပ်ခွင့်ရရန် အရှေ့တောင်တိုင်း စစ်တိုင်းမှူးထံ တင်ပြခဲ့သော်လည်း ခွင့်ပြုချက်မရဘဲ ဗိုလ်ချုပ်ကြီး ရွှေမန်း၏ သားနှင့် ပူးပေါင်း လုပ်ကိုင်ရန် ညွှန်ကြားရာမှ ယခုကုမ္ပဏီ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဧရာဟင်္သာ ကုမ္ပဏီက ခွဲတမ်းရမည့် ဆိုင်ခန်းများ ဈေးကောင်း ရအောင် ဆိုင်ခန်း နေရာများကို မသမာသည့် နည်းဖြင့် ရယူခဲ့ကြောင်း ဈေးသာယာရေး ကော်မတီဝင် တဦးက ပြောသည်။
၎င်းက “ကုမ္ပဏီဟာ ဈေးကောင်းရမယ့် နေရာကောင်းမှန်သမျှ ကြိုတင် ရယူထားပြီး ကျန်နေရာတွေကိုသာ မဲနှိုက် နေရာချထား ပေးခဲ့တာ။ မူလ ဆိုင်ခန်းပိုင်ရှင်တွေ မကျေနပ်ကြပေမယ့် ဘာမှ မတတ်နိုင်ဘူး” ဟု ပြောသည်။
ယခုကဲ့သို့ ဖြစ်ရပ်မျိုး ယခင် မြိုင်ရတနာ နှစ်ထပ်ဈေး ဆောက်ပြီး၍ ဆိုင်ခန်းနေရာ ချထားစဉ်ကလည်း ကြုံခဲ့ရကြောင်း၊ ယင်းအချိန်က ဆိုင်ခန်း နေရာချထားမှုကို ပြည်နယ် ခန်းမတွင် ပြုလုပ်စဉ် ဈေးမိဈေးဖများက ကောင်းမွန်စွာ တင်ပြတောင်းဆို ခဲ့သော်လည်း ခရိုင် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ဥက္ကဋ္ဌက ရိုင်းစိုင်းစွာ ပြောဆိုခဲ့ကြောင်း အဆိုပါ ဈေးသာယာရေး ကော်မတီဝင်က ပြောသည်။
၎င်းက “ဈေးသူဈေးသားတွေ အပေါ် လက်ရှိ စည်ပင်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ဆက်ဆံပုံဟာ အရင်ကနဲ့မခြား ဘာမှ မထူးခြားဘူး” ဟု ပြောသည်။
၁၉၈၉ ခုမတိုင်မီ မဆလ ခေတ်၌ မော်လမြိုင်မြို့သည် မှောင်ခို မြို့တော် ဖြစ်ခဲ့ပြီး နောက်ပိုင်း ဈေးမြို့တမြို့ ဖြစ်လာကာ ဈေးဆိုင် တည်ခင်း ရောင်းချမှု အဓိက ဖြစ်လာသည့် အတွက် ဈေးများမှ ဆိုင်ခန်းများမှာ အလွန် တန်ဖိုးကြီးမြင့်ကြောင်း စုံစမ်းသိရသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment