11/26/2009

ရန်ကုန်မြို့ကို မီးပေးရန် ညွှန်ကြားထား

အောင်ထက် | လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလ မတိုင်မီ ရန်ကုန်မြို့ကို တတ်နိုင်သမျှ လျှပ်စစ်မီးပေးရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာတဦးက ပြောသည်။

၎င်းက “ရန်ကုန်ကို တတ်နိုင်သမျှ လျှပ်စစ်မီး ပေးထားရမယ် ဆိုပြီး နေပြည်တော် ကနေ ကျနော် တို့ကို ညွှန်ကြား လာပါတယ်။ ကျနော် တို့ကလည်း ရေအား လျှပ်စစ်ကနေ လျှပ်စစ်ဓာတ်အား အဝင်နည်းသွားတော့ ဂက်စ်တာဘိုင်တွေ လည်ပေးဖို့လိုတယ်လို့ ပြန်တင်ပြတယ်။ ဒါနဲ့ နေပြည်တော်က စွမ်းအင်ဝန်ကြီးဌာနကိုလည်း ဆက်ပြီး ညွှန်ကြား လိုက်တယ်။ ရန်ကုန်ကို တတ်နိုင်သမျှ ဂက်စ်တွေ ပို့ပေးဖို့။ အခု ဂက်စ်တွေ ရောက်လာတော့ ခါတိုင်းနှစ်တွေ ဂက်စ်မရှိလို့ မလည်နိုင်ဘဲ ဖြစ်နေတဲ့ ဂက်စ် တာဘိုင်တွေကို စမ်းပြီး လည်ပတ် နေတယ်။ ဂက်စ်သာ မှန်မှန်ရနေရင် ရန်ကုန်တတိုင်းလုံး လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်သေး တာတောင် အရင်နှစ် တွေကလို ခွဲတမ်းနဲ့ ပေးစရာ မလိုတော့ဘူး” ဟု ပြောသည်။

သို့သော် ခြောက်သွေ့ ရာသီ ရောက်လာလေ မီးဆွဲအားများ လာလေ ဖြစ်သည့် အတွက် မီးအား မနိုင်ဘဲ လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုမျိုးကို ကြုံရနိုင်သည်ဟု အဆိုပါ အင်ဂျင်နီယာက ပြောသည်။

“စစ်အစိုးရက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကာလနဲ့ ရွေးကောက်ပွဲ အကြိုကာလ အတွင်း ရန်ကုန်မှာ မီးမလာဘဲ ပြည်သူတွေ စိတ်ဆိုးဒေါသထွက်ကြမှာကို မလိုလားဘူး။ ဒါကြောင့် တတ်နိုင် သလောက် လျှပ်စစ်မီး ပေးနိုင်ဖို့ ဂက်စ် ရလာအောင် ဆောင်ရွက်နေတာ ဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

ပုံမှန်အားဖြင့် ရန်ကုန်မြို့တွင် နှစ်စဉ် သြဂုတ်လ၌ လျှပ်စစ်မီး မှန်မှန် ရလေ့ရှိပြီး ခြောက်သွေ့ရာသီ နိုဝင်ဘာ လဆန်းခန့်တွင် ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ် ဓာတ်အား အဝင် နည်းသွားသောကြောင့် လျှပ်စစ် မီးကို ခွဲတမ်းဖြင့်သာ ရလေ့ရှိသည်။

၂ဝဝ၉ ခုနှစ်တွင်မူ နေပြည်တော်၌ သုံးစွဲသည့် လျှပ်စစ်ဓာတ်အား ပမာဏ များလာခြင်း၊ ရန်ကုန်ရှိ ဂက်စ်တာဘိုင်များ လည်ပတ်ရန် ဂက်စ် ပံ့ပိုး မပေးခြင်း တို့ကြောင့် မိုးတွင်း၌ပင်လျှင် လျှပ်စစ် ဓာတ်အားရရှိမှု လျော့နည်းခဲ့သည်။

နအဖစစ်အစိုးရသည် လောလောဆယ် ဂက်စ်တာဘိုင်များ လည်နိုင်ရေးအတွက် ဂက်စ်များ ပို့လွှတ်ပေးရုံမက လာမည့်နှစ်၌ ရန်ကုန်တွင် ဂက်စ် လုံလုံ လောက်လောက် ရရှိနိုင်ရန် မုတ္တမ - ရန်ကုန် (၂၄) လက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အသစ်ကို သွယ်တန်းလျက်ရှိပြီး အဆိုပါ ပိုက်လိုင်းကို လာမည့် ၂ဝ၁ဝ မေလ၌ အပြီးသွယ်တန်းနိုင်ရန် လုပ်ဆောင် နေကြောင်း သိရသည်။

အလားတူ အထက်မြန်မာပြည်ဘက်တွင်လည်း အပြီးမသတ်နိုင်သေးသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ် ဓာတ်အား ထုတ်ယူ သုံးစွဲနိုင်ရေး အတွက် စက်တလုံးကို စမ်းသပ် လည်ပတ်ရန် စတင် တည်ဆောက် နေပြီး အဆိုပါစက် လည်ပတ်ရေးအတွက် ဒုဌဝတီ မြစ်ရေကို ပိတ်ပြီး ဆည်ရေများ စတင် စုဆောင်းနေပြီ ဖြစ်သည်။

မြန်မာ နိုင်ငံတွင် ၂ဝဝ၅-၂ဝဝ၆ နှစ်မှစ၍ စုစုပေါင်း စက်တပ်ဆင်အား မီဂါဝပ် (၁၆ဝဝ) ကျော်သာရှိသည့် အတွက် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု ပမာဏမှာလည်း ကီလိုဝပ် သန်းပေါင်း (၆,ဝဝဝ) ကျော်မှ မတိုးတက်ဘဲ ရှိနေသည်မှာ ယခုတိုင် ဖြစ်ကြောင်း အငြိမ်းစား တိုင်းလျှပ်စစ် အင်ဂျင်နီယာဟောင်း တဦးက ပြောသည်။

၎င်းက “ရန်ကုန် အပါအ၀င် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာတော့ လျှပ်စစ် မီတာတွေ တိုးမြှင့်ရောင်းချခဲ့လို့ ၀င်ငွေကျပ် (၃၈) ဘီလီယံ ကနေ (၁၆၀) ဘီလီယံလောက် အထိ (၅) ဆနီးပါး တိုးလာပေမယ့် လျှပ်စစ် ဓာတ်အား ရရှိမှု အခြေအနေ ကတော့ တနေ့ တခြား ဆိုးနေတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အားပေး အဖွဲ့သည် ဂက်စ်ရရှိနိုင် သမျှဖြင့် လျှပ်စစ် ဓာတ်အား ပေးနေသောကြောင့် ခွဲတမ်းစနစ် ပြန်လည် ကျင့်သုံးခြင်း မရှိသော်လည်း မီးအား မလုံလောက်သဖြင့် မကြာခဏ မီးပြတ်တောက်မှုများ ရှိနေကြောင်း မြို့ခံများက ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: