10/21/2009

မဟာချိုင် စက်ရုံ ဆန္ဒပြသူများနှင့် ပိုင်ရှင် ပြေလည်မှုရရှိ


ကျော်ခ ၊ ယာယီနိုင်ငံကူး လက်မှတ်နှင့် ပတ်သက်ပြီး အလုပ်မဆင်းဘဲ ဆန္ဒပြကြသည့် မဟာချိုင်မြို့နယ်အတွင်းရှိ ငါး၊ ပုဇွန် စက်ရုံ တခုမှ မြန်မာအလုပ်သမား ၂၅၀၀ ခန့်သည် ယနေ့ညနေတွင် အလုပ်ရှင်နှင့် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

ယမန်နေ့ ညနေ၌ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့နယ်၊ အက္ကချီလမ်းရှိ Ormcorm Company L.td စက်ရုံမန်နေဂျာက ယာယီနိုင်ငံကူး လက်မှတ်အတွက် ကုန်ကျငွေအား လစာငွေထဲမှ ဖြတ်တောက်မည်ဟု စာထုတ်ပြန်ခဲ့ရာမှ အလုပ်သမားများနှင့် မန်နေဂျာတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ ပြီးနောက် တရက်အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသည်။


ယနေ့နံနက်တွင် သူဌေးမှ ဆက်သွယ်လာပြီး ငွေဖြတ်တောက်မည် မဟုတ်ကြောင်း ပြောဆိုလာရာမှ ကျေလည်သွားပြီးနောက် မနက်ဖြန်တွင် အလုပ်ပြန်ဆင်းကြမည် ဖြစ်ကြောင်း သိရသည်။

“ ဒီနေ့ သူဌေးက ဖုန်းဆက်လာတာပေါ့နော်။ အခုအလုပ်သမားတွေ တယောက်မှ ပတ်စပို့ဖိုး မဖြတ်ဘူး။ ATM သမားတွေလည်း ကဒ်ထဲကို လုပ်ခပိုက်ဆံ ထည့်ပေးမယ်။ ကဒ်မရှိတဲ့ လူတွေကိုလည်း ရုံးခန်းမှာ ထုတ်ပေးမယ် ဆိုတော့ ဒီမနက် ကျနော်တို့ သွားထုတ်တာပေါ့နော်။ တပြားမှမဖြတ်ဘူး။ မနက်ဖြန် ကျနော်တို့ အလုပ် ပြန်ဆင်းကြမှာပေါ့” ဟု လုပ်သားတဦးက မဇ္ဈိမကို ပြောသည်။

“ဒီနေ့က ပိုက်ဆံထုတ်ရက်။ မနေ့က သူစာကပ်လိုက်တော့ ကျနော်တို့တွေက မကျေနပ်လို့ ပြောတာ။ အဲဒါကို ပြောရမလား ဆိုပြီးတော့ ကျနော် တို့ထဲက တယောက်ကို သူက ဂုတ်ဆွဲပြီး နားရင်းအုပ်လို့ အားလုံးက ပေါက်ကွဲပြီး သူ့ကို ဝိုင်းထိုးလိုက်ကြတာ ခု သူဆေးရုံရောက်နေတယ်။ သူဌေးကလည်း သူ့ကို အလုပ်ထုတ်မယ်ပြောတယ်” ဟု သူကဆက်ပြောသည်။

၎င်းစက်ရုံတွင် အလုပ်သမား စုစုပေါင်း ၃၀၀၀ ကျော်ရှိရာ မြန်မာနိုင်ငံသား အလုပ်သမား ၂၅၀၀ ကျော် ရှိသည်။

ယာယီပတ်စပို့ ပြုလုပ်ရန် အတွက် မြန်မာနယ်စပ်ရုံးများသို့ သွားရန်၊ လက်မှတ်ပုံစံ စာရွက်တွင် လိပ်စာနှင့် မှတ်ပုံတင် နံပါတ်များထည့်လျင် နေရပ်ရှိ မိသားစုများကို အာဏာပိုင်များက တစုံတရာ အကျပ်ကိုင် ငွေညှစ်မည်ဟု စိုးရိမ်မှုများ ရှိနေကြကြောင်း ရွှေ့ပြောင်းအလုပ်သမားများ အရေး ဆောင်ရွက်နေသည့် အဖွဲ့က ပြောသည်။

“တဘက်က အလုပ်သမားကလည်း မြန်မာအစိုးရကို မယုံ။ အလုပ်ရှင်က စာအုပ်လုပ်ဖို့ ဖိအားပေးတော့ စိတ်ညစ်။ အလုပ်ထွက်။ နောက်စားစရာမရှိ၊ နေစရာမရှိ။ အဲလိုတွေဖြစ်။ နေရပ်မှာကျန်ခဲ့တဲ့ မိဘတွေကလည်း ပတ်စပို့မလုပ်ဖို့ ဖိအားပေး။ လုပ်လို့ရှိရင် အိမ်ကို ငွေလာတောင်းမှာ ငါတို့ကြောက်တယ် စသဖြင့်ပေါ့ အဲဒါတွေကြောင့် သူတို့က မလုပ်ရဲကြတာ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဒုက္ခသည်နှင့် ရွှေ့ပြောင်း အလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင် မဇ္ဈိမကို ပြောသည်။


source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်: