ဒေါ်အောင်ဆန်းစုကြည်အယူခံမှု ဗဟိုတရားရုံးတက်ရေး ကြန့်ကြာ
မင်းနိုင်သူ | ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချလိုက်သော်လည်း စီရင်ချက်မိတ္တူကို လက်ခံရရှိခြင်း မရှိသေးသည့်အတွက် ဗဟိုတရားရုံးသို့ ဆက်လက်အယူခံရေး ပြင်ဆင်မှု ပြုလုပ်ရန် ကြန့်ကြာနေကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
“စီရင်ချက်မိတ္တူကို ကျနော်တို့ အခုချိန်ထိမရသေးပါဘူး။ ဗဟိုတရားရုံးကို ပို့ထားတယ်လို့ ကြားပါတယ်။ အဲဒါကို စောင့်နေရပါတယ်။ အဲဒါရပြီးမှ ကျနော်တို့ ဆက်လုပ်စရာရှိတာတွေ ဆက်လုပ်ရမှာပါ” ဟု ၎င်းက ပြောသည်။
နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ၀င်ရောက် ခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် အင်းစိန်ခရိုင်အထူးတရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ အယူခံတင်ခဲ့ရာ တိုင်းတရားရုံးက ယခုလ (၂) ရက်တွင် အယူခံအမှုကို ပယ်ချလိုက်သည်။

ထိုကဲ့သို့ တိုင်းတရားရုံးက အယူခံ ပယ်ချ လိုက်ခြင်းကြောင့် ဆက်လက် ဆောင်ရွက်ရေး ကိစ္စများ ညှိနှိုင်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ရှေ့နေများက ပြီးခဲ့သည့် သောကြာနေ့၌ အာဏာပိုင်များထံ တင်ပြထားသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရှေ့နေ ဦးဉာဏ်ဝင်းက “ဒီနေ့အထိ ကျနော်တို့ မတွေ့ရ သေးပါဘူး။ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့တယ်။ ဒီနေ့လည်း သံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့မယ်လို့ သတင်းတွေ ထွက်နေတယ်ဆိုတော့ ကျနော်တို့ ရှေ့နေတွေနဲ့ ဒီနေ့တွေ့ဖြစ်မယ်မထင်ဘူး” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်အပေါ် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြု၍ ကန့်သတ် တားဆီး မိန့်များ ချမှတ်ခဲ့မှု အပေါ် သက်ဝင်မှုမရှိတော့သည့် ဥပဒေကို အသုံးပြုထားခြင်းဖြစ်ကြောင်း အမှုတလျှောက်လုံး ခုခံချေပ တင်ပြ လျှောက်လဲခဲ့ကြသည်။
အဆိုပါ တင်ပြ လျှောက်လဲချက်ကို ရန်ကုန်တိုင်း တရားရုံးက လက်ခံခဲ့ပြီး ၁၉၇၄ ခုနှစ် အခြေခံဥပဒေမရှိတော့ဟု စီရင်ချက်တွင် ဖော်ပြခဲ့သော်လည်း ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအရ အောက်ရုံးအမိန့်ကို အတည်ပြုသည်ဟုဆိုကာ အယူခံကို ပယ်ချခဲ့သည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ လက်ထက် နှစ်ပေါင်း (၂၀) ကျော်အတွင်း (၁၄) နှစ်နီးပါးမျှ နေအိမ်အကျယ်ချုပ်ချခံခဲ့ရသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment