10/02/2009

မနက်ဖြန် သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်မည်

မင်းနိုင်သူ | သံဃာတော်များ၏ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲကို မနက်ဖြန်တွင် ပြည်တွင်း၌ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သံဃာ့အဖွဲ့ချုပ်က မိန့်ဆိုလိုက်သည်။

“ဦးဇင်းတို့ မြို့(၉) မြို့မှာ ကံဆောင်ပွဲ လုပ်ပါမယ်။ လုပ်ဆောင်ရမယ့် သိမ်တွေကို ရွေးချယ်ပြီးပါပြီ။ သိမ်တခုမှာ အနည်းဆုံး သံဃာ (၉) ပါးနဲ့ ကံဆောင်ကြဖို့ စီစဉ်ထားတယ်” ဟု သံဃာ့အဖွဲ့ချုပ်မှ အရှင်ပါရမီခန္တီက မိန့်ဆိုသည်။

မည်သည့် မြို့တို့တွင် စီစဉ်ထားသည်ကိုမူ လုံခြုံရေး အခြေအနေ အရ ထုတ်ဖော်ခြင်း မပြုနိုင်သေး ဟုလည်း ၎င်းက မိန့်သည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့က မြန်မာတနိုင်ငံလုံးမှ သံဃာတော်များ အောက်တိုဘာလ (၃) ရက် သီတင်းကျွတ် လပြည့်နေ့မှ စ၍ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ကြရန် နှိုးဆော်ထားသည်။

ယင်းသို့ နှိုးဆော် လျှောက်ထားချက် ထုတ်ပြန် ခဲ့ပြီးနောက် နအဖ စစ်အစိုးရက သံဃာတော်များ၏ သွားလာ လှုပ်ရှားမှုများကို စောင့်ကြည့် သတင်းယူမှု ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့ ရွှေစေတီ ကျောင်းတိုက်မှ လက်ထောက်ဆရာတော် ဦးဝါယမကို နအဖ စစ်အစိုးရက သြဂုတ် (၂၇) ရက်တွင် ဖမ်းဆီးခဲ့ပြီး ရန်ကုန် ငါးထပ်ကြီးဘုရားမှ ဆရာတော် အရှင် ဃောသိတကိုလည်း ထိုင်ဝမ်နိုင်ငံမှ ပြန်လာစဉ် လေဆိပ်၌ပင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ ဆရာတော်များ အပါအ၀င် လွန်ခဲ့သော လပိုင်း အတွင်း ခေါ်ယူ စစ်မေးခံရသော သံဃာတော် (၁၀) ပါးခန့် ရှိနေပြီ ဖြစ်သော်လည်း ကံဆောင်ပွဲကို ဖြစ်မြောက်အောင် ကျင်းပမည် ဖြစ်ကြောင်း အရှင် ပါရမီခန္တီက မိန့်သည်။

၎င်းက “ကံဆောင်ပွဲကို မနက်ဖြန် မွန်းလွဲ (၃) နာရီမှာ စကြမယ်။ လုံခြုံရေးတွေက အများကြီးရှိနေတော့ တပြည်လုံး အတိုင်းအတာထိတော့ မဖြစ်နိုင်သေးဘူးပေါ့။ လူထုက ကံဆောင်သပိတ်ကို မနက်ဖြန်လုပ်ပြီး ပြီးသွားမယ် ထင်နေကြမယ်။ အဲလိုမဟုတ်ဘူး။ မနက်ဖြန်ကစလို့ စစ်အစိုးရက သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေးအထိ ဦးဇင်းတို့ လုပ်ဆောင်သွားကြမှာပါ။ လူတိုင်းလူတိုင်း အမှန်တရားဘက်က ရပ်တည်ပြီး ၀န်းရံပေးကြဖို့ လိုပါတယ်” ဟု ဆက်လက်မိန့်ဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ (၅) ရက်နေ့တွင် ပခုက္ကူမှ သံဃာ (၅၀၀) ကျော်က ကုန်ဈေးနှုန်းကျဆင်းရေး၊ တိုင်းပြည်အေးချမ်းရေး တို့အတွက် မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ နအဖ စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲခဲ့ပြီး သံဃာ (၃) ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက် ခဲ့သောကြောင့် သံဃာတော်များက စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့ကြသည်။

ထိုကဲ့သို့ ကံဆောင်မှုကို နအဖစစ်အစိုးရက တောင်းပန်မှု မပြုဘဲ ငြိမ်းချမ်းစွာ မေတ္တာပို့သ ဆန္ဒပြကြသော သံဃာနှင့်လူထုကို ၂၀၀၇ စက်တင်ဘာတွင် ပစ်ခတ် နှိမ်နင်း သတ်ဖြတ်ခဲ့ပြီး သံဃာနှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ် ထားသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: