10/05/2009

ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့် ပါတီတွင်း အကွဲအပြဲ မဟုတ် စဉ်းစားပုံ ကွဲပြားခြင်း သာဖြစ်

RFA | စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နဲ့ ကျင်းပမယ့် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲကို ဝင်သင့် မဝင်သင့် ပါတီတွင်း သဘောထား ရပ်တည်ချက် ကွဲနေတာ မဟုတ်ဘဲ စဉ်းစားပုံ ကွဲပြားမှုသာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်ဖြစ်တဲ့ ဆရာကြီး ဦးဝင်းတင်က ဒီကနေ့ အာအက်ဖ်အေကို ရှင်းလင်း ပြောကြားပါတယ်။

အကျဉ်းထောင်မှ လွတ်မြောက်လာသော သတင်းစာဆရာကြီး ဦးဝင်းတင် စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျရောက်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တည်ထောင်ခြင်း အနှစ် ၂၀ ပြည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ်။ (Photo: AFP)
ရွေးကောက်ပွဲ သပိတ်မှောက်သင့် မမှောက်သင့် NLD ပါတီတွင်းမှာ ကွဲပြားမှု ရှိနေတယ်လို့ ဒီကနေ့ထုတ် The New York Times သတင်းစာမှာ ရေးသားချက်နဲ့ ပတ်သက်ပြီး အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဦးဝင်းတင်။ ။“ကွဲတယ် ဆိုတာတော့ ကျနော် လက်မခံဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အကြမ်းအားဖြင့်တော့ နိုင်ငံရေး ဆိုတာတော့ အမျိုးမျိုး စဉ်းစားကြတာပေါ့။ သူ့ခေါင်း ကိုယ့်ခေါင်းပေါ့။ သူ့စိတ် ကိုယ့်စိတ်၊ သူ့နှလုံသား ကိုယ့်နှလုံးသား၊ သူ့ခံစားချက် ကိုယ့်ခံစားချက်။ ကွဲပြားမှုတွေက ရှိနေတာပဲ။ ဒါ ကျနော်တို့ပါတီမှာမှ မဟုတ်ဘူး။ ဘယ်မှာပဲ ဖြစ်ဖြစ် ရှိနိုင်တယ်။ ဒါ အယူအဆ ကွဲတာလည်း မဟုတ်ဘူး၊ လိုင်းကွဲတာလည်း မဟုတ်ဘူး၊ ရပ်တည်ချက် ကွဲတာလည်း မဟုတ်ဘူး။ သို့သော် ကျနော်က အရေးတော်ပုံထဲက ထွက်လာတဲ့ခါကျတော့ အရေးတော်ပုံ မာန်နဲ့ စဉ်းစားတယ်ဗျ။ သို့သော် ပါတီထဲ ပြန်ကြည့်တဲ့ အခါကျတော့ တချို့သော မိတ်ဆွေများ၊ တချို့သော ရဲဘော်များ၊ တချို့သော လုပ်ဖော် ကိုင်ဘက်များက ရွေးကောက်ပွဲတို့ အခြေအနေတို့ ဘာတို့ဆိုတာ တနေ့များ ကောင်းမလား၊ စစ်အစိုးရနဲ့ ဖြစ်မလား စသည်ဖြင့် တွေးကြတယ်။ အဲဒီ အခါကျတော့ ကျနော်က ဘယ်လို တွေးသလဲ ဆိုတော့ အော် သူတို့ရဲ့ အတွေးအမြင်၊ ပျော့ပြောင်းတဲ့ အတွေးအမြင်တွေ ဘာကနေ ပေါ်လာသလဲ ဆိုတော့၊ ဆင်ခြင်တုံတရားပေါ့”

ထောင်တွင်းမှာ နှစ်အရှည်ကြာဆုံး အကျဉ်းချ ခံခဲ့ရပြီး ထောင်တွင်းမှာ ကိုယ်ရော စိတ်ပါ ညှဉ်းပန်း နှိပ်စက် ခံခဲ့ရတဲ့ ဦးဝင်းတင်ဟာ ထောင်အပြင်မှာ ရောက်နေတော့လည်း ပါတီတွင်း လုပ်ဖော်ကိုင်ဖက်တွေက စစ်အစိုးရ ဥပဒေသစ်နဲ့ ရွေးကောက်ပွဲ ဝင်တော့လေ မလားလို့ စိတ်လက် မသက်မသာ ဖြစ်နေရတယ်လို့ The New York Times သတင်းစာက ရေးသား ထားပါတယ်။

ဆရာကြီး ဦးဝင်းတင်က သူ့ လွတ်ရက် မစေ့ခင်လေးမှာ ထောင်ကနေ ပြန်လွှတ်ခဲ့တာဟာ NLD ပါတီကို ကွဲအောင် ရည်ရွယ်ရှိရှိနဲ့ တမင်စောပြီး လွှတ်လိုက်တာလည်း ဖြစ်နိုင်တယ်လို့လည်း ပြောတဲ့အကြောင်း ဒီသတင်းမှာ ဖော်ပြထားပါတယ်။

ပါတီတွင်း စဉ်းစားပုံကွဲတဲ့ အပေါ်မှာ စိတ်မသက်သာ ဖြစ်ရတယ် ဆိုတာ မှန်ပေမယ့် ဒီစဉ်းစားပုံ ကွဲပြား မှုကြောင့်တော့ ပါတီတွင်း ရပ်တည်ချက် ကွဲဖို့ မဖြစ်နိုင်ပါဘူးလို့လည်း ဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။

ဦးဝင်းတင်။ ။“ကျနော် ဒီနေ့အထိလည်း ဥက္ကဋ္ဌကိုလည်း ပြောပြီးသား၊ ပါတီထဲမှာလည်း အပြတ်အသား ကြေညာပြီးသား။ ကျနော်ဘယ်တော့မှ ပါတီကွဲရာကွဲကြောင်း မလုပ်ဘူး။ ကျနော်လည်း အသက်ကြီးပြီဗျာ၊ ဦးအောင်ရွှေလည်း အသက်ကြီးပြီဗျာ။ အခြားအခြားသော ပါတီထဲမှာ ရှိတဲ့ ခေါင်းဆောင်တွေ ဦးလွန်းတင်တို့ ဦးသန်းထွန်းတို့၊ သခင်စိုးမြင့်တို့၊ ဦးညိုဝင်းတို့ ဦးလှဖေတို့ စသည် ပုဂ္ဂိုလ်တွေလည်း အသက်ကြီးလှပြီ။ ကုန်ကုန်ပြောရင် ဒေါ်စုသည်ပင်လျှင် ၆၄ နှစ်ဗျ၊ ၆၅ နှစ်ထဲရောက်နေပြီ။ ဒီလိုအချိန်မှာ ကျနော်တို့ဟာ အကွဲအပြဲတွေ မလုပ်ဘူး၊ လုံးဝ မရှိဘူး၊ လုံးဝ မစဉ်းစားဘူး။ လျှော့ပေးရင် ကိုယ်က လျှော့ပေးဖို့ပဲ ရှိတယ်။ ကိုယ့်အယူအဆ နိုင်အောင် ပြောမယ်။ မရဘူးဆိုရင် သူ့အယူအဆကို ကျနော်လိုက်မယ်။ ဘယ်သူ့ အယူအဆ ဖြစ်ဖြစ် ဦးအောင်ရွှေရဲ့ အယူအဆကို လိုက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူအဆကို လိုက်မယ်။ ဦးသန်းထွန်းရဲ့ အယူအဆကို လိုက်မယ်။ ဒါပဲဗျ”

စစ်အစိုးရက ကျင်းပဖို့ ပြင်ဆင် နေတဲ့ ၂ဝ၁ဝ ပြည့် ရွေးကောက်ပွဲ အပေါ် သဘောထားနဲ့ ပတ်သက်လို့ NLD ပါတီအတွင်း သဘောထား ကွဲလွဲမှုတွေကြောင့် ပါတီ ခေါင်းဆောင်ပိုင်းမှာ အကွဲအပြဲတွေ ဖြစ်လာမလားလို့ လေ့လာသူ အများက သတိထား စောင့်ကြည့် နေကြပါတယ်။ ဒီ အကြောင်းတွေနဲ့ ဆက်စပ်ပြီး ဆရာကြီး ဦးဝင်းတင်ကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်း ထားပါတယ်။

အသံဖိုင်

source by : RFA

0 ယောက်ရဲ့ထင်မြင်ချက်: