10/21/2009

ကချင်အဖွဲ့ငယ် ပြည်သူ့စစ်ပြောင်း

ဖနိဒါ ၊ အပစ်ခတ်ရပ် ကချင်အဖွဲ့ငယ်တခု ဖြစ်သော ဗိုလ်မှူးကြီးဟောင်း လဆန်အောင်ဝါ အဖွဲ့ကို ပြည်သူ့စစ်အဖြစ် တရားဝင်ပြောင်းလဲ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ပြည်သူ့စစ်အဖြစ် တရားဝင်ဖွဲ့စည်းသည့် အခမ်းအနားကို အောက်တိုဘာ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ အကွာ၊ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ လဝါယန်ကျေးရွာတွင် ကျင်းပခဲ့သည်။

ယခင် ကေအိုင်အေ ထောက်လှမ်းရေးနှင့် အမျိုးသား လုံခြုံရေးဌာန တာဝန်ခံဖြစ်သည့် ဗိုလ်မှူးကြီးဟောင်း လဆန်အောင်ဝါနှင့် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ တက်ရောက်ခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အင်အားပေါ်မူတည်၍ နယ်ခြားစောင့်တပ်အဖြစ် လည်းကောင်း၊ ပြည်သူ့စစ်အဖြစ် လည်းကောင်း အသွင်ပြောင်းရန် ဖိအားပေးသည်။

“ပြည်သူ့စစ်က နယ်ခြားစောင့်တပ်နဲ့ဆိုရင် အဆင့်နိမ့် သွားတာပေါ့လေ။ လဆန်အောင်ဝါလဲ နာယက ၁၀ ယောက်ထဲမှာ ပါသွားတယ်။ သူတို့အဖွဲ့ထဲမှာက လက်နက်ကိုင်တာက ၆၀ ဘဲ။ လဝါယန်ဌာနေ ပြည်သူ့စစ်ထဲမှာမှ နှစ်ဖွဲ့ခွဲ လိုက်တယ်။ ” ဟု ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ပြောသည်။

လဝါယန်ဌာနေ ပြည်သူ့စစ် လက်နက်ကိုင်တပ်ဖွဲ့ကို တဖွဲ့အင်အား ၃၀ ခန့်ဖြင့် “လဝါ ပြည်သူ့စစ်” နှင့် “ကွေထူ ပြည်သူ့စစ်” ဟူ၍ နှစ်ဖွဲ့ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက သတ်မှတ် ပေးလိုက်ပြီး အစိမ်းရောင် ဝတ်စုံများ ပေးအပ်ခဲ့သည်။

လဆန်အောင်ဝါအဖွဲ့သည် ကေအိုင်အို-ကေအိုင်အေ မှ ၂၀၀၄ ခု နှစ်ဆန်းပိုင်းတွင် ခွဲထွက်ခဲ့ပြီးနောက် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDAK) ထိန်းချုပ်ရာဒေသအတွင်း ခိုလှုံခဲ့သည်။

၂၀၀၅ ခု တွင် မြောက်ပိုင်းတိုင်းမှူး ဖြစ်နေသော ဗိုလ်ချုပ်အုန်းမြင့်က လဝန်ယန်ကျေးရွာ၏ တောင်ဘက် ၇ မိုင်ခန့် အကွာရှိ ကွေထူပါဒေသ၌ နေရာချမှတ်ပေးခဲ့သည်။

source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်: