10/23/2009

တတိယ နိုင်ငံသို့ ထွက်ခွာမည့် မြန်မာ တိုင်းရင်းသားများ ဒုတိယ နိုင်ငံ အဖြစ် မလေးရှားကို ပိုမို ရွေးချယ်လာကြ

Freedom News Group | အမေရိကန် ၊ သြစတေးလျ၊ ဥရောပ စသည့် တတိယ နိုင်ငံသို့ ထွက်ခွာမည့် မြန်မာ တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ဒုတိယ နိုင်ငံ အဖြစ် မလေးရှားနိုင်ငံကို ပိုမို ရွေးချယ်လာကြကြောင်း စုံစမ်း သိရှိရသည်။

မလေးရှားသို့ ပြောင်းရွှေ့ သွားသူ များလာသဖြင့် တိတ်ဆိတ် ခြောက်ကပ်သွားသည့် မဲလ ဒုက္ခသည်စခန်း
ယခင်က တတိယ နိုင်ငံသို့ အခြေချကြမည့် တိုင်းရင်းသား အများစုမှာ ထိုင်းမြန်မာ နယ်စပ်ရှိ မဲလ၊ နို့ဘိုး နှင့် မယ်ဟောင်ဆန် စသည့် ဒုက္ခသည် စခန်းများမှ တစ်ဆင့် ထွက်ခွာ ကြသော်လည်း ယခုနှစ်လည် ပိုင်းမှ စ၍ မလေးရှားမှ တစ်ဆင့် ထွက်ခွာမှု ပိုမို များပြား လာကြကြောင်း သိရသည်။

မလေးရှား နိုင်ငံတွင် မြန်မာ ဒုက္ခသည် အဖြစ် ခံယူ၍ အမေရိကန် ပြည်ထောင်စု တွင်ပြောင်းရွှေ့ အခြေချ လာသူ တစ်ဦးဖြစ်သူ ကိုဆလိုင်း အောင်ဝင်း က " ပထမတော့ အလုပ် သွားလုပ်တာ အဆင်မပြေဘူး နောက် NGO တစ်ခုက ယူအန် (UNHCR) လျှောက်ကြည့်ပါလား ပြောတာနဲ့ ယူအန် သွားလျှောက်တယ် ၊ ရီဖျူဂျီ သတ်မှတ် ခံရပြီး သိပ်မကြာဘူး ရှစ်လ လောက်ပဲ ဖြစ်မယ်ထင်တယ် အမေရိကန် ကို ထွက်ရတယ် ။တစ်ချို့ဆို ခြောက်လ လောက်ပဲ ကြာတယ် " ဟု Freedom News Group သို့ ပြောသည်။

မလေးရှား နိုင်ငံ ကွာလမ်လာပူ မြို့ အပါအ၀င် ကလန်တန် အခြား မြို့များတွင် ရှိသော ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး ရုံးမှ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုခြင်း ခံရပြီး လျှင် တတိယ နိုင်ငံ သို့  လအနည်းငယ် အတွင်း ထွက်ရသည် ဆိုသော သတင်းကြောင့် ထိုင်း - မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတွင်း နေထိုင် သူ အချို့ မှာ မလေးရှား နိုင်ငံ သို့ ပြောင်းရွှေ့ပြီး ဒုက္ခသည် အဖြစ်ခံ ယူမှု ပိုမို တိုး ပွားလာသည်။

မဲဆောက်မြို့ မြောက်ဘက် ၅၄ ကီလိုမီတာ အကွာရှိ မဲလ ဒုက္ခသည် စခန်းအတွင်း နေထိုင်သူ ကိုစောလွင်ဦးက “ကျွန်တော် ဒီစခန်းထဲမှာ နေလာတာ သုံးနှစ် ကျော်ပြီ၊ ဒုက္ခသည် လို့ အသိအမှတ် အပြု မခံရသေးဘူးလေ အမေရိကန် ဆိုတာ ဘယ်နေ မှန်းတောင် မသိဘူး အခု မလေးရှားက မြန်တယ် လို့ ပြောကြတော့ ဒီက လူတွေ အကုန် မလေးရှား ကို သွားကြတော့မယ်။ ပိုက်ဆံ မရှိတဲ့ လူတွေ ကတော့ ကျန်ခဲ့ပေါ့လေ။ တချို့ ကတော့ မြန်မာ ပြည်ထဲကို ၀င် ပတ်(စ)ပို့ ပြန်လုပ်ပြီး မလေး ထွက်မယ့် သူတွေလဲ ရှိတယ် လို့ ပြောတယ်“ ဟု ပြောသည်။

မလေးရှားတွင် ဒုက္ခသည် အဖြစ် အသိအမှတ် ပြုခြင်းကို ကုလ မဟာ မင်းကြီးရုံးမှ လျှင်မြန်စွာ ဆောင်ရွက်ပေး သဖြင့် ထိုင်း - မြန်မာ နယ်စပ် ဒုက္ခသည် စခန်းနေသူ အချို့ မှာ မလေးရှား နယ်စပ် မှ တစ်ဆင့် ကွာလမ်လာပူတွင် ဒုက္ခသည် အဖြစ် အသိ လျှောက်ထားမှု ပိုမို တိုးပွား လာသည် ဟု သိရသည်။

ထိုင်း ဒုက္ခသည် စခန်း အတွင်းမှ နေ၍ မလေးရှားသို့ ပြောင်းရွှေ့လာသူ တစ်ဦးက “ကျွန်တော်က အုန်းဖျန်း စခန်းမှာ နေတာ လေးနှစ် ရှိနေပြီ အခုထိ ဘာမှ မထူးခြားတာ နဲ့ ဒီကို ထွက်လာတာ။ ထိုင်းစခန်း တွေမှာ အလုပ်လုပ် လို့ မရဘူး ၊ စခန်း အပြင်လဲ ထွက်လို့ မရဘူး၊ ရိက္ခာလဲ မရ အကုန် ခက်ခဲတယ် ဒါကြောင့် ထွက်လာတာ အခုဒီမှာ ယူအန် ရပြီးရင် အလုပ်လုပ် လို့ ရတယ် နောက်နှစ် နှစ်လ လောက်ဆို အမေရိကန် သွားရတော့မယ် ဟု ပြောသည်။

မလေးရှားရှိ ကုလ ဒုက္ခသည်များ မဟာမင်းကြီးရုံး ဒုက္ခသည် အဖြစ် အသိအမှတ် ပြုထားသူများ အနက် ရိုဟင်ဂျာ လူမျိုးများမှာ အများဆုံး ဖြစ်ပြီး ချင်း၊ကချင် နှင့် ရခိုင်လူမျိုးများလည်းပါဝင်သည်။

မလေးရှား နိုင်ငံမှ နေ၍ တတိယ နိုင်ငံ သို့ ထွက်ခွာခွင့် လျှင်မြန်မှု ကို အကြောင်းပြု၍ လူပွဲစား ဆန်ဆန် လုပ်ငန်းများလည်း ပေါ်ထွန်း လာသည်။ ထိုကဲ့သို့ လုပ်ငန်းများ နှင့် ပတ်သက် ၍ ဆီလန်ဂေါတွင် နေထိုင်သည့် ကိုထွန်းအေး က “ဒီကနေ အမေရိကန် သွားရတာ ပိုလွယ်တယ်ဆို တော့ အဲလိုပဲ နီးစပ်ရာတွေ ကို ခေါ်ကြတာပေါ့ တစ်ချို့ ဆို ရန်ကုန် မှာ အိမ်ပါ ရောင်းပြီး တစ်မိသားစု လုံး ပြောင်းလာတာ တွေလဲရှိတယ်၊ တစ်ချို့ ကတော့ ယူအန် မရခင် စပ်ကြား အလုပ်ရှာ ပေးမယ် နေဖို့ ပေးမယ် ဆိုပြီး တစ်ယောက်
ကို ၁၅ သိန်းနဲ့ ခေါ်ကြ တာတွေလဲ ရှိတယ် “ဟု ပြောသည်။

မလေးရှား မှ တစ်ဆင့် တတိယ နိုင်ငံ သို့ အမြန်ဆုံး ထွက်ရသည့် ဂယက်ကြောင့် ထိုင်းနိုင်ငံရှိ မြန်မာ ဒုက္ခသည် စခန်း တွင် လည်း လူပွဲစားကယ်ရီ များ ပေါ်ပေါက် လာသည်။ ထိုင်း နိုင်ငံ မဲဆောက် မြို့ မှ နေ၍ ကွာလမ်လာပူ အထိ အရောက် ဘတ် သုံးသောင်းယူ
၍ ပို့ဆောင် ပေးသော ၀န်ဆောင် မှုမှာ လည်း ထိုင်း-မြန်မာ ဒုက္ခသည် စခန်းများ အတွင်း ရေပန်းစား နေသည်။

မလေးရှား ရှိ ဒုက္ခသည် များဆိုင်ရာ ကုလ မဟာ မင်းကြီးရုံးမှ ယခုနှစ်ထဲတွင် ချင်း နှင့် ကချင် လူမျိုးများကို မွန်လူမျိုးများကဲ့သို့  ဒုက္ခသည် အဖြစ် အသိအမှတ် ပြုပေးခြင်းများ စတင်ခဲ့သဖြင့် မွန်လူမျိုး အများစု လည်း မလေးရှားတွင် ဒုက္ခသည် အဖြစ် လျှောက်ထားမှု ပိုမို များပြား လာသည်။

source by : Freedom News Group

0 ယောက်ရဲ့ထင်မြင်ချက်: