10/02/2009

တရုတ်-မြန်မာ နယ်စပ်ရှိ ကာစီနိုများ ရပ်နား ပန်ဝါမြို့တွင်သာ ဆက်လက် ဖွင့်လှစ်

ခိုင်လင်း | တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ အပစ်ခတ် ရပ် နယ်မြေ အတွင်း တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်ပြီး လောင်းကစားရုံများ ရပ်နားရ သကဲ့သို့ အချို့ရွှေ့ပြောင်းမှုများ လုပ်ကြရသော်လည်း နယ်ခြား စောင့်တပ် အသွင်ပြောင်းရန် လက်ခံထားသည့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ဗဟို ဌာနချုပ်ရှိရာ ပန်ဝါမြို့တွင်သာ လောင်းကစားမှုများ ဆက်လက်လုပ်နေသည်။

ဝတပ်ဖွဲ့ (UWSA) ထိန်းချုပ်ရာ နယ်မြေ အတွင်းရှိ ကာစီနို လောင်းကစား ရုံများမှာ တဖက် တရုတ်နိုင်ငံ အာဏာပိုင်များ၏ လူဝင်လူထွက် ကန့်သတ်မှုကြောင့်လည်းကောင်း၊ ကိုးကန့် အရေးအခင်း နောက်ပိုင်း ဒေသအတွင်း စစ်ရေးပြင်ဆင်မှုများ ကြောင့်လည်း တရုတ် နိုင်ငံဘက်မှ လာရောက် လောင်းကစားသူ မရှိသလောက် ဖြစ်သွားကာ ပိတ်ထားလိုက်ရသည်ဟု ပန်ဆန်း ဒေသခံ တဦးက ပြောသည်။

ယခုနှစ်အစောပိုင်းက တရုတ်နိုင်ငံသားများကို ပြန်ပေးဆွဲ၊ သတ်ဖြတ်မှုတို့ဖြင့် တရုတ်အာဏာပိုင်များ၏ ကန့်ကွက်မှုနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏ တားမြစ်မှုကြောင့် (NDA-K) ဗဟိုဌာနချုပ်ရှိရာ ပန်ဝါမြို့မှ ချီဗွေမြို့အထွက် သုံးမိုင်အကွာရှိ ကာစီနို လောင်းကစား ရုံများ ပိတ်ထားခဲ့ရာမှ ယခုအခါ ပန်ဝါမြို့ရှိ ဥက္ကဋ္ဌ ဆခုံတိန့်ယိန်း၏ ဟိုတယ်တခုတွင် လောင်းကစားရုံများ ဖွင့်လှစ် ထားရသည်ဟု (NDA-K) အရာရှိတဦးက ပြောသည်။

၎င်းက “အရင်ဖွင့်ထားတဲ့ နေရာတွေက အဆောက်အဦ လောက်ပဲ ရှိတော့တယ်။ လုပ်ခွင့် မရှိတော့ဘူး။ ကန်ပိုက်တီးက ကစားရုံတွေလည်း (၂) နှစ်လောက်ရှိပြီလေ၊ ပိတ်ထားရတာ၊ မပခက ပိတ်ခိုင်းလို့။ အခုက နေခြည်ဟိုတည်မှာပဲ ဖွင့်ရတော့တယ်။ ဦးဆခုံတိန့်ယိန်းပဲ ပိုင်တာ။ လာကစားတဲ့ သူတွေကတော့ တရုတ်တွေ။ ထိန်ချုံး ဘက်ကနေ လာကြတာ။ ညနေပိုင်းကိုလာ၊ မနက်ဆို ပြန်သွားကြတယ်” ဟု ပြောသည်။

ပန်ဝါမြို့တွင် ပန်ဝါ၊ နေခြည်၊ သမတနှင့် ရွှေတောင်ကြား ဆိုသည့် ဟိုတယ်လေးခုရှိပြီး အားလုံးကို (NDA-K) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း မိသားစုများကသာ ပိုင်ဆိုင်ပြီး ယခုအခါ ပန်ဝါမြို့တွင် လောင်းကစား လာလုပ်သူများကလွဲ၍ ပြင်ပမှ လာရောက်လည်ပတ်သူမရှိ၍ မြို့မှာ စည်ကားမှုမရှိတော့ကြောင်း အဆိုပါ (NDA-K) အရာရှိက ပြောသည်။

ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့အနီးရှိ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ထိန်းချုပ်ရာ မိုင်ဂျာယန် ဒေသအတွင်းမှ ကာစီနို လောင်းကစားရုံ များမှာလည်း တရုတ်ဘက်မှ လျှပ်စစ်မီး ဖြတ်တောက်ကာ ဖိအားပေး ပိတ်ခိုင်းသဖြင့် ယခုနှစ် မတ်လကတည်းက ပိတ်ထားခဲ့ရပြီး လိုင်ဇာမြို့ရှိ လောင်းကစားရုံများမှာလည်း အလားတူ ပိတ်ထားခဲ့ရသည်ဟု ကေအိုင်အိုနှင့်နီးစပ်သူ ဒေသခံ တဦးက ပြောသည်။

အလားတူ ရှမ်းပြည်နယ်၊ အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ဗဟို ဌာနချုပ်ရှိရာ မိုင်းလားမြို့ရှိ လောင်းကစားရုံများကိုလည်း တရုတ်အာဏာပိုင်များက ဖိအားပေးသောကြောင့် ၂ဝဝ၆ ခုနှစ်ကတည်းက ပိတ်ထားခဲ့ရသည်။

ထို့နောက် တရုတ်-မြန်မာနယ်စပ်နှင့် အလှမ်းဝေးသည့် မိုင်းမကျေးရွာ အနီးတွင် ဖွင့်လှစ်ထားခဲ့ရာမှ ကိုးကန့်အရေးအခင်းကြောင့် လောင်းကစားရုံများကို ရပ်နားထားခဲ့ရာမှ ယခုအခါ လောနိုင်ငံနယ်စပ်ဘက်သို့ ရွှေ့ပြောင်း ဖွင့်လှစ်ထားသည်ဟု မိုင်းလားမြို့ခံ ကုန်သည်တဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: