10/06/2009

ဖောက်ခွဲရေး သင်တန်း တက်သည်ဟု စွပ်စွဲကာ သံဃာတော် အချို့အား ဖမ်းဆီး စစ်ဆေးနေ

အောင်ထက် | နယ်စပ်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက် ခဲ့သည် ဆိုသော စွပ်စွဲချက်ဖြင့် ပြည်ပနိုင်ငံများမှ ပြန်ကြွလာသော သံဃာတော် (၈) ပါးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ တတိယပတ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

အဆိုပါ သံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်း မဟုတ်ဘဲ ခရီးစဉ် အသီးသီးမှအပြန် နအဖ အာဏာပိုင် တို့က စောင့်ကြို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီး ထားသော သံဃာတော် များအား ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း၊ မဟာပါသဏ လိုဏ်ဂူနှင့် ကပ်လျက် ‘အပရ ဂေါယာန’ သုံးထပ် ကျောင်းဆောင်၌ နိုင်ငံတော် ဗဟို သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော် အချို့နှင့် သတင်း တပ်ဖွဲ့တို့က စစ်ဆေးခဲ့သည်။

ထို့နောက် သံဃာတော် (၇) ပါးအား ဆက်လက်စစ်ဆေးရန် (သို့မဟုတ်) ပြစ်ဒဏ်ကျခံစေရန် အင်းစိန် အကျဉ်း ဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ယခုအခါ ကျန်ရှိ သံဃာတော် (၁) ပါးအား ဆက်လက် စစ်ဆေး နေဆဲဟု ဆရာတော် များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

သံဃာတော် များအား ဖမ်းဆီး ထိန်းသိမ်းကာ စစ်ဆေး နေကြောင်း သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းအများစု သိရှိ နေသော်လည်း ၎င်းသံဃာတော်တို့၏ ဘွဲ့တော်၊ သီတင်းသုံးရာ ကျောင်းတိုက်၊ မြို့နယ် ကျေးရွာတို့ကိုမူ အထူး လျှို့ဝှက် ထားသည်။

“အပရဂေါယာန ကျောင်းဆောင်ဝန်းကျင်ကို ဘယ်ဝန်ထမ်းမှ ကပ်လို့မရဘူး။ အထူးကန့်သတ်နယ်မြေပေါ့။ သံဃာတော်တွေက သက်တော် (၂၅) နှစ်ဝန်းကျင်တွေလို့ ကြားရတယ်။ သတင်းတပ်ဖွဲ့ဝင်တွေကလွဲလို့ ဘယ်ဝန်ထမ်းမှ မမြင်ဖူးကြဘူး” ဟု သာသနာရေး ၀န်ကြီးဌာန အရာထမ်း တဦးက ပြောသည်။

ယခုကျန်ရှိသံဃာ (၁) ပါးအား ဆွမ်းကွမ်း ဝေယျာဝစ္စ ကအစ သတင်းတပ်ဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး အနီးကပ် စောင့်ကြည့် စစ်ဆေးလျက် ရှိသည်ဟု သိရသည်။

အဆိုပါသံဃာတော်တို့သည် ပြည်ပခရီးသို့ တရားဝင်ဗီဇာများဖြင့် ထွက်ခွာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအပါအ၀င် နိုင်ငံအသီးသီးမှ ပြန်လာစဉ် သတင်းအရ ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ပြည်ပ နိုင်ငံ အသီးသီးဟု ဆိုသော်လည်း အများစုမှာ ဘန်ကောက် ခရီးစဉ်မှ ဖြစ်နိုင်သည်ဟု သာသနာရေး ၀န်ကြီးဌာနမှ ၀န်ထမ်းများက ယူဆကြသည်။

ကမ္ဘာအေး မဟာပါသဏ လိုဏ်ဂူ အနီး၌ ကျောင်းဆောင် (၄) ဆောင်ရှိရာ မဟာနာယကကျောင်းဆောင်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးအနက် အချို့ဆရာတော်များ သီတင်းသုံးနေသည်။ ဖမ်းဆီး ထားသော သံဃာများအား စစ်ဆေးရာတွင် အပရ ဂေါယာန ကျောင်းဆောင်ကို အသုံးပြုပြီး ယခုအခါ ပြည်တွင်းမှ ဖမ်းဆီး ထားသော သံဃာတော်အချို့ ရှိနေသည်ဟုလည်း သိရသည်။

၎င်းသံဃာတော် တို့ကို စစ်ကြောရေး (သို့မဟုတ်) အင်းစိန် အကျဉ်းဦးစီးသို့ မပို့မီ အပရဂေါယာန ကျောင်းဆောင်၌ ဦးစွာ စစ်ဆေးလေ့ ရှိကြောင်း ၀န်ထမ်းတို့က ပြောသည်။

ယခင်က သာသနာပြု ဘုန်းတော်ကြီးများ ပြည်ပ ခရီးထွက်ခွာရာတွင် သက်ဆိုင်ရာ နိုင်ငံ၏ ပင့်ဖိတ်စာ (Appointment)၊ သံဃာတော်၏ နိုင်ငံကူးလက်မှတ်၊ သာသနာမှတ်တမ်း၊ တိုင်းခရိုင်မြို့နယ်၊ သံဃာ မဟာနာယက၏ ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ကို ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း သာသနာရေး ၀န်ကြီးဌာန၊ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြရသည်။

တင်ပြချက် အပေါ် (သာ-ထွန်း-ပြန့်) မှ စိစစ်ကာ ပြည်ပသာသနာပြုခရီးထွက်ခွာခွင့်ကို (၃) ရက်အတွင်း ခွင့်ပြုခဲ့သည်။

နယ်စပ် ဖောက်ခွဲရေး သင်တန်း တက်ရောက် ခဲ့သည် ဆိုသော စွပ်စွဲချက် သတင်းများ ထွက်ပေါ်အပြီး သံဃာတော်များ ပြည်ပ ထွက်ခွာ ခွင့်ကို နေပြည်တော် (သာ-ထွန်း-ပြန့်) မှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။

အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်၍ သာသနာရေး ခွင့်ပြုချက် လက်မှတ် ထိုးပေးခဲ့သော (သာ-ထွန်း-ပြန့်) ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွန့် ကိုလည်း ဌာနအတွင်း အရေးယူမှု (PE-DE) ပြုရန် နအဖအာဏာပိုင်တို့မှ စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်နေသည်။

ယခုအခါ ပြည်ပ သာသနာပြု ခရီး အတွက် ပြည်ပ ထွက်ခွာခွင့် စိစစ်မှုများကို (၃) ပတ်ကြာသည့်တိုင် ခွင့်ပြုချက် မချသေးကြောင်း ပြည်တွင်းမှ ဆရာတော် တပါးက မိန့်သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: