10/09/2009

သံဃာတုနှင့် လူအချို့တို့ကို မဲဆောက်ရဲ ဖမ်းဆီး

ရဲရင့် | ဗုဒ္ဓ သာသနာတော်ကို ညှိုးနွမ်း သေးသိမ် စေသည့် အတွက် ဝိနည်းမလိုက်နာသည့် မြန်မာ သံဃာတော်များ အပါအဝင် ဘုန်းကြီး အတု၊ သီလရှင် အတုနှင့် သာသနာ အရေခြုံ လူအချို့တို့ကို မြဝတီ ခရိုင်အတွင်း လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း ခရိုင် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က မိန့်ကြားသည်။

မဲဆောက်မြို့၌ ယခုလ (၅) ရက်တွင် နှစ်စဉ်ကျင်းပသည့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ မြဝတီမှ သံဃာများနှင့် သီလရှင်များ လာရောက်အလှူခံရာတွင် ၀ိနည်းနှင့်အညီ နေထိုင်ခြင်းမရှိဘဲ ကပ္ပိယများမှာလည်း ထိုင်းဘုန်းကြီး ကျောင်းဝင်းအတွင်း မူးယစ် သောက်စားမှုများ ပြုလုပ်ကြ သဖြင့် လူ (၁ဝဝ) ခန့်ကို မဲဆောက်ရဲက ဖမ်းဆီး ခဲ့ပြီးနောက် ယခုကဲ့သို့ မြ၀တီ ခရိုင်အတွင်း ရှာဖွေ ဖမ်းဆီး နေခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြဝတီခရိုင်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် ဦးဇောတိပါလက “မဲဆောက် ဆွမ်းလောင်း ပွဲကို ဘုန်းကြီးတို့ ဘယ်သူ့ကိုမှ သွားခွင့်မပြုဘူး။ အခုသွားတဲ့ ဘုန်းကြီးနဲ့ သီလရှင်တွေ၊ လူပုဂ္ဂိုလ် တွေက အောက်က လာကြတဲ့ လူတွေဖြစ်တယ်။ သူတို့ ဒီလို အပြုအမူတွေ လုပ်တော့ သာသနာတော် ညှိုးနွမ်းတဲ့ အပြင် နိုင်ငံနဲ့ လူမျိုးလည်း သိက္ခာကျတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း ရုပ်သံလှိုင်း တွေက သတင်း ထုတ်ပြန် တယ်လို့ သိရတယ်။ ဒါကြောင့် အဲဒီ ဘုန်းကြီး၊ သီလရှင် အတုတွေနဲ့ လူတွေကို ဘုန်းကြီးတို့ လိုက်လံ စစ်ဆေးပြီး အရေးယူမှုတွေ ပြုလုပ်နေပါတယ်” ဟု မိန့်ကြားသည်။

မြဝတီမှ လာသည့် အလှူခံ ပုဂ္ဂိုလ်များသည် မိမိတို့ ရရှိသည့် အလှူခံပစ္စည်းများကို ယူဆောင်သွားခြင်းမပြုဘဲ ရရာဈေးဖြင့် နီးစပ်သူများထံ လိုက်လံရောင်းချခဲ့ကြပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း မူးယစ် သောက်စားကာ ခွန်းကြီး ခွန်းငယ် အချင်းများခဲ့သည့် အတွက် မဲဆောက်ရဲကို ဖမ်းဆီး ခိုင်းရခြင်း ဖြစ်ကြောင်း အဆိုပါ ကျောင်းမှ မြန်မာ ဘုန်းတော်ကြီး တပါးက မိန့်ကြားသည်။

မြန်မာနိုင်ငံမှ ရဟန်း သံဃာတော်များ၊ သီလရှင်များကို မြဝတီခရိုင် သံဃာ့ နာယက အဖွဲ့မှ လုံးဝ အလှူခံခွင့် မပြုကြောင်း၊ ထိုင်းဘက်တွင် ဖြစ်ပျက်နေသည်ကို မိမိတို့ ကိုင်တွယ်၍မရကြောင်း၊ ထိုင်းဘက်မှ ဖမ်းဆီး လွှဲပြောင်း ပေးပါက ထိရောက်သည့် အရေးယူမှု ပြုလုပ်ကြောင်း ဆရာတော် ဦးဇောတိပါလက မိန့်ကြားသည်။

အချို့လူပုဂ္ဂိုလ်များမှာ လူဝတ်များဖြင့်လာပြီး ဆွမ်းလောင်းပွဲမတိုင်မီညတွင် သင်္ကန်းဝတ်လဲလှယ်ခဲ့ကြောင်း၊ ဂျင်းဘောင်းဘီ ဝတ်လာသည့် အမျိုးသမီးအချို့လည်း သီလရှင်ဝတ်စုံများဝတ်ကာ အလှူခံကြွခဲ့သည်ကို ဝမ်းနည်းစွာတွေ့ရှိခဲ့ရပြီး ဆွမ်းလောင်းချင် စိတ်ပင်မရှိတော့ဘဲ အိမ်သို့ ပြန်လာခဲ့သည်ဟု မဲဆောက်မြို့တွင် လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုနိုင်က ပြောသည်။

လာမည့် နှစ်တွင် နှစ်ဖက် သံဃာ့ နာယက အဖွဲ့များ ညှိနှိုင်းတိုင်ပင်၍ ယခု ကဲ့သို့ ဖြစ်ရပ်များ ထပ်မံ ဖြစ်ပွားခြင်း မရှိရန် ဆောင်ရွက် သွားမည်ဟု မဲဆောက်တွင် သီတင်းသုံးသည့် တာ့ခ်ခရိုင် သံဃာ့ နာယက အဖွဲ့ဝင် ထိုင်း ဘုန်းတော်ကြီး တပါးက မိန့်ကြားသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: