9/22/2009

နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်မလွတ်သေးဟု ဦးဝင်းတင် ပြောကြား



မင်းနိုင်သူ l ယခုအကြိမ် အကျဉ်းသားများ ပြန်လွှတ်ပေးမှုတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်သဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်နှင့် ဝေးနေဆဲဖြစ်ပြီး ကုလသမဂ္ဂနှင့်နိုင်ငံတကာမှ တောင်းဆိုနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးတောင်းဆိုချက်လည်း မပြည့်မြောက်သေးကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။

“ကောက်ညှင်းပေါင်းထဲ နှမ်းထောင်းဖြူးသလိုပေါ့ဗျာ။ ရိုးရိုးရာဇ၀တ်သားတွေ အများကြီးလွှတ်ပြီး နိုင်ငံရေးအကျဉ်းသား နည်းနည်းလေးပဲပါတယ်။ အခုလို ဗန်းပြရုံ လိမ်လည်ဖို့၊ ကုလသမဂ္ဂမှာ ဗိုလ်ချုပ်ကြီးသိန်းစိန် သွားတဲ့အခါမှာ မစ္စတာဘန်ကီမွန်းရဲ့ တောင်းဆိုချက်တွေအပေါ်ကို လှည့်ဖြားဖို့ လုပ်နေတယ်လို့ ယူဆတယ်။ ဒီလိုလုပ်နေတာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်ကတော့ အယုံအကြည်မရှိဘူး” ဟု ၎င်းက ပြောသည်။

နအဖစစ်အစိုးရက စက်တင်ဘာ (၁၇) ရက်တွင် နိုင်ငံသားအကျဉ်းသား (၇,၁၁၄) ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ကြေညာခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား (၁၀၀) ကျော်သာပါသေးကြောင်း ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောသည်။

“တဘက်က လွှတ်နေတယ်ဆိုသော်ငြားလည်း တဘက်မှာ ဒီရက်ပိုင်းမှာတင် ဖမ်းတာလူ (၄၀) ကျော်သွားပြီ။


ဒီတော့ ကျနော်တို့ကတော့ အရင်တောင်းဆိုခဲ့တဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးဂမ္ဘီရတို့အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ရေးကိုပဲ ဆက်တောင်းမယ်” ဟု နှစ်ရှည်အကျဉ်းချခံခဲ့ရသူ ဦးဝင်းတင်က ပြောသည်။

ဇူလိုင်နှင့် သြဂုတ်လအတွင်း သံဃာတော် (၇) ပါး အဖမ်းဆီးထိန်းသိမ်းခံထားရပြီး မကြာမီကလည်း မရမ်းကုန်းမြို့နယ် အန်အယ်လ်ဒီလူငယ် (၃) ဦးနှင့် မြင်းခြံမြို့မှ ပါတီဝင်မဟုတ်သည့် အရပ်သား (၅) ဦးကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ထုတ်ပြန်ချက်အရ ယခုလ (၁၈) ရက်မှစတင်ကာ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား (၁၂၇) ဦးရှိပြီး ၎င်းတို့အနက် သံဃာတော် (၄) ပါး၊ စာနယ်ဇင်းသမား (၄) ဦးနှင့် ရှေ့နေ (၁) ဦးတို့ ပါဝင်သည်။ လွတ်မြောက်သူများအနက် အန်အယ်လ်ဒီပါတီမှ လွှတ်တော်အမတ် (၃) ဦး အပါအ၀င် (၄၃) ဦးရှိပြီဟု သိရသည်။

နအဖစစ်အစိုးရက ၂၀၀၄ ခုနှစ်မှစ၍ နှစ်စဉ် လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ အကျဉ်းသားများ လွှတ်ပေးနေသော်လည်း ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားများမှာ အနည်းအကျဉ်းသာပါပြီး ရာဇ၀တ်သားများသာများသဖြင့် ရာဇ၀တ်မှု ပိုပေါများလာသည်သာ အဖတ်တင်သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

“သိသာတယ်ဗျ။ သူတို့တခါလွတ်တိုင်းလွတ်တိုင်း ရာဇ၀တ်မှုက ပိုများလာတယ်။ မြို့လယ်ခေါင်မှာကို လုယက်မှုလို အမှုကြီးတွေများလာနေတယ်။ နောက်ပြီး အခုလို ရာဇ၀တ်သားတွေကို ခဏခဏလွှတ်နေတော့ လူတွေက မဟုတ်တာ လုပ်ရမှာ မကြောက်ကြတော့ဘူး။ ကျနော်တို့ ရပ်ကွက်ထဲမှာဆို ချဲဒိုင်တို့ ဘောလုံးဒိုင်တို့ များလာတယ်။ သူတို့က ဘာပြောလဲဆိုတော့ အဖမ်းခံရလည်း နောက်နှစ်လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါ လွတ်မှာပဲတဲ့။ အဲလိုတွေ ဖြစ်လာကြတယ်ဗျ” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်အစိုးရက ပြန်လွှတ်ပေးခဲ့သော အကျဉ်းသား (၆,၃၁၃) ဦးတွင် နိုင်ငံရေးအကျဉ်းသား (၃၁) ဦးပါဝင်ကာ ၂၀၀၈ ခုနှစ်အတွင်း ပြန်လွတ်လာသူ (၉,၀၀၂) ဦးတွင်မူ နိုင်ငံရေးအကျဉ်းသား (၉) ဦးသာ ပါဝင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းများတွင် ဖော်ပြထားသည်။


source by :NEJ

0 ယောက်ရဲ့ထင်မြင်ချက်: