စီမံချက်ကြောင့် ဓာတ်ပြားဆိုင်များပိတ်
အောင်ကျော်မိုး | စီမံချက်ဖြင့် ဖမ်းဆီးမည် ဆိုပြီး နယ်မြေခံ ရဲများ၏ ကြိုတင် သတိပေးမှုကြောင့် ရန်ကုန်မြို့ အတွင်း ရောင်းချနေသည့် ဗီစီဒီ၊ ဒီဗွီဒီ အရောင်းဆိုင်များ အားလုံး ပိတ်ထား ရကြောင်း ဆိုင်ဖွင့်လှစ် ထားသူများက ပြောသည်။
ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းဘေးတွင် ဓာတ်ပြားဆိုင် ဖွင့်လှစ်ရောင်းချနေသူတဦးက “ကျနော့်ဆိုင်မှာ ပုံမှန်လိုင်းကြေး ကောက်နေတဲ့ နယ်မြေခံရဲက လာအကြောင်းကြားတယ်။ စီမံချက်လုပ်မယ်၊ ဒါကြောင့် တပတ်လောက် ဆိုင်မဖွင့်ပါနဲ့ဦးလို့ ဆိုတယ်” ဟု ပြောသည်။
တရက်နှစ်ရက် ဆိုင်မထွက်ပါက ကိစ္စမရှိသော်လည်း ရက်များလာပါက စားဝတ်နေရေး အခက်အခဲ ကြုံလာနိုင်ကြောင်း ၎င်းက ပြောသည်။

“ဒီဗွီဒီ ကြည့်ချင်လို့ ဓာတ်ပြားလိုက်ဝယ်တာ၊ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ ပုဇွန်တောင် ဓာတ်ပြားဆိုင်တွေ ဒီလောက်များတာ ဘယ်မှာမှ ဆိုင်ဖွင့်တာ မတွေ့ရဘူး။ ယုဇနပလာဇာ မြေညီထပ်မှာဆိုရင်လည်း ဆိုင်တွေ အတော်များများ သော့ခတ်ထားတာ တွေ့ရတယ်။ အားလုံး ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တယ်” ဟု ဒီဗွီဒီ နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားကြည့်ရန် လိုက်ဝယ်သူတဦးကလည်း ပြောသည်။
နအဖစစ် အစိုးရက မြန်မာနိုင်ငံ အတွင်း မည်သည့် ဗွီစီဒီ၊ ဒီဗွီဒီ ရုပ်ရှင်ဇတ်ကားများကိုမှ တရားဝင် တင်သွင်း ရောင်းချခွင့် မပြုသည့် အပြင် ကလေးသူငယ်များကြည့်ရှုသည့် ကာတွန်းကားများ၊ တေးဂီတ ဓာတ်ပြားများကိုလည်း အလားတူပိတ်ပင်ထားသည်။
ထို့ကြောင့် လမ်းဘေးဆိုင်များတွင် ယခင်က နိုင်ငံခြားရုပ်ရှင် ခိုးကူး ဓာတ်ပြားများကိုသာ ရောင်းချနေရာမှ ယခုအခါ မြန်မာပြည်က တေးသီချင်း အယ်လ်ဘမ် ဓာတ်ပြားများ၊ ကာရာအိုကေ ဗီစီဒီများနှင့် တရားတော်ခွေတို့ကို မိတ္တူကူး ရောင်းချကြပြီး ညစ်ညမ်း ခွေများကိုပါ ဆိုင်တင် ရောင်းချခြင်းမျိုး အထိ တွေ့မြင်လာရသည်။
အဆိုပါ ဓာတ်ပြားဆိုင်များသည် နအဖ နယ်မြေခံရဲများ၊ စရဖတို့နှင့် စည်ပင်တာဝန်ရှိသူများကို ဆက်ကြေးမှန်မှန်ပေးပြီး ရောင်းချ ကြကြောင်း၊ ရန်ကုန်မြို့ရှိ ယုဇနပလာဇာ မြေညီထပ်၌လည်း ခိုးကူးဓာတ်ပြား ရောင်းချသည့်ဆိုင် အတော်များကြောင်း မြို့ခံများက ပြောသည်။
“ဒီလိုလုပ်တဲ့ဆိုင်တွေကို နယ်မြေခံ ရဲတွေက ဆက်ကြေး တောင်းပြီး ရောင်းချခွင့် ပြုထားလို့ အခုဆိုရင် ဓာတ်ပြားရောင်းတဲ့ လုပ်ငန်းမှာ ပြည်သူတွေ သောင်းနဲ့ချီ ပါဝင်လုပ်ကိုင်နေကြပြီး သိန်းနဲ့ချီတဲ့ မိသားစုဝင်တွေ မှီခိုရာလုပ်ငန်း ဖြစ်လာတယ်။ အကယ်၍ အစိုးရက ခုလိုပဲ ဆက်ပြီး ပိတ်ပင်ထားရင် ခိုးပြီးရောင်းတာတွေ၊ ရဲက လာဖမ်းရင် ရဲနဲ့ ခိုက်ရန် ဖြစ်ပွားတာတွေ ဖြစ်လာမယ်။ အရင်ကလည်း ဖြစ်ခဲ့ဖူးတယ်” ဟု ပြည်တွင်း သတင်း အယ်ဒီတာ တဦးက ပြောသည်။
အဆိုပါ ပြဿနာ ပြေလည်စေရန် ပြည်တွင်းကို နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြားများ တရားဝင် တင်သွင်းခွင့်ပေးကာ ညစ်ညမ်းကား ရောင်းချခြင်း တို့ကို အရေးယူရန် လိုအပ်ကြောင်း ၎င်းကပြောသည်။
ယခုအခါ ရန်ကုန်မြို့ (၈) မိုင်ဘက်၌ ညအချိန်တွင် လျှပ်တပြက် ဓာတ်ပြား ရောင်းချသည့် ဆိုင်များ ပေါ်ပေါက်နေကြောင်း စုံစမ်း သိရသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment