9/22/2009

၈၈ ခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိကုသရန် အရေးပေါ်လိုနေ


ဖနိဒါ l ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် အကျဉ်းကျနေသော ၈၈ ကျောင်းသား ခေါင်းဆောင် ကိုလှမျိုးနောင်၏ အခြား မျက်စိတလုံးအား အမြန်ဆုံး ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း ထောင်တွင်းအတူနေခဲ့သူ အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မြို့နယ်ခေါင်းဆောင်တဦးက ပြောသည်။

၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသားအဖွဲမှ ကိုလှမျိုးနောင် သည် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရပြီး ဖမ်းဆီးခံရစဉ်က မျက်စိ ခွဲစိတ်ကုသရာ မအောင်မြင်ဘဲ မျက်လုံးတဖက် ဆုံးရှုံးခဲ့ရသည်။ ကျန်ရှိသော မျက်စိတဖက်မှာလည်း လုံလောက်သော ဆေးဝါးကုသမှုမရသဖြင့် အမြန်ဆုံး ခွဲစိတ် ကုသရန် လိုအပ်နေခြင်း ဖြစ်သည်ဟု မကြာခင်က ထောင်မှ လွတ်လာသူ မြစ်ကြီးနားမြို့နယ် အန်အယ်ဒီ ဒုဥက္ကဌ (၁) ဦးနေဝင်းက ပြောသည်။


“သူ့ မျက်စိတဖက်က ဆေးခန်း အမြဲပြနေရတယ်။ ကျန်တဲ့ သူ့မျက်ကြည်လွာကို ထိသွားတယ်လို့ ပြောတယ်။ အဲဒါကို ကောင်းကောင်း ခွဲစိတ်ကုသရမှာ ထောင်ထဲမှာ အထူးကုဆရာဝန်နဲ့တော့ ပြတယ်။ ဒါပေမဲ့ သူမျက်စိက ခွဲစိတ်ရမယ်။ ” ဟု ဦးနေဝင်းက မဇ္ဈိမကို ပြောသည်။

ကိုလှမျိုးနောင်သည် စစ်တပ်က သွေးမြေကျ ပစ်ခတ်နှိမ်နင်းသော ဆန္ဒဖော်ထုတ်ပွဲအပြီး ပုန်းရှောင်နေရာမှ မျက်စိဆေးခန်း သွားပြစဉ် လမ်းခုလတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အလားတူ မြစ်ကြီးနားထောင်တွင် အကျဉ်းကျနေသော ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမျိုးခင် ခေါ် ဦးမုန်းခက် (၄၀ နှစ်) သည် နှလုံးရောဂါခံစားနေရပြီး ယခင်လက ဆေးစစ်မှု ခံခဲ့ရကြောင်း သိရသည်။

သူအား ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ရန်ကုန်၌ ဖြစ်ပွားနေစဉ် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်များ၏ ဖမ်းဆီးကာ လူစုလူဝေးတွင် ပါဝင်ကာ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု - ၁၄ရ၊ ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု - ၁၄၃ ၊ အစိုးရကို အကြည်ညိုပျက်စေရန် ပြောဆိုမှု - ၅၀၅ (ခ) တို့ဖြင့် ထိုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထောင်ဒဏ် ၄ နှစ်ခွဲ ချခဲ့သည်။

ထို့အပြင် မြစ်ကြီးနားထောင်ရှိ ဟာသ သရုပ်ဆောင် ကိုဇာဂနာ (ခေါ်) ကိုသူရသည်လည်း နှလုံးဆေးနှင့်သွေးတိုးကျ ဆေး အမြဲသောက် နေရသည်ဟု ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။

ကိုဇာဂနာအား ယမန်နှစ် နာဂစ်မုန်တိုင်း ဒုက္ခသည်များအား ကူညီနေစဉ် ဇွန် ၄ ရက်နေ့က ရဲက ဖမ်းဆီးခဲ့သည်။
ထို့နောက် အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃(က)၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ သာသနာကို ညိုးနွမ်းအောင်လုပ်ဆောင်မှု ပုဒ်မ၂၉၅(က) တို့အပါအဝင် ပုဒ်မ ၈ ခုဖြင့် စွဲဆိုကာ ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့သည်။ သို့သော် ယခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်တိုင်း တရားရုံးက ထောင်ဒဏ် ၂၄ နှစ် လျော့ချပေးလိုက်သဖြင့် ၃၅ နှစ်သာ ကျန်တော့သည်။

အသက် ၄၈ နှစ်ရှိ ကိုဇာဂနာသည် ပြီးခဲ့သည့် ဧပြီလအတွင်းလည်း နှလုံးယောင်နေသဖြင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံ၌ အထူးကု ဆရာဝန်နှင့် ဆေးစစ်ဆေးခဲ့သည်။

မြစ်ကြီးနားထောင်တွင် အဓိက ကုသနေသူမှာ ထောင်ကျ ဆေးမှူးသာဖြစ်ပြီး ဆရာဝန်မှာ တလလျှင် တခါမျှသာ လာရောက်ကုသသည်ဟု သိရသည်။


source by :မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်: