မြန်မာနိုင်ငံ အပေါ် အီးယူ၏ ပိတ်ဆို့မှု အသစ်တွင် တိုတယ် (Total) ပူးပေါင်းပါဝင်ရန် ဖိအားပေးခံရ
NEJ | မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် ချမှတ်လိုက် သည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဥရောပ သမဂ္ဂ (အီးယူ) မှ မြန်မာ စစ်အစိုးရ အပေါ် နောက်ထပ် ပိတ်ဆို့ အရေးယူမှုတွင် မြန်မာ စစ်အစိုးရအား ဒေါ်လာ သန်းပေါင်းများစွာ ၀င်ငွေ ရရှိစေသည့် ပြင်သစ် နိုင်ငံမှ တိုတယ် ရေနံကုမ္ပဏီသည် အငြင်းပွားဖွယ် ပစ်မှတ် တခုအဖြစ် ရောက်ရှိနေသည်။
ပြင်သစ် သမ္မတ နီကိုလတ် ဆာကိုဇီက မြန်မာ စစ်အစိုးရအပေါ် အီးယူ၏ နောက်ထပ် အရေးယူပိတ်ဆို့မှုကို မြန်မာနိုင်ငံမှ သစ်နှင့် ကျောက်မျက် ရတနာများ ၀ယ်ယူရာတွင် ပစ်မှတ်ထား အရေးယူသင့်ကြောင်း အကြံပြုထားပြီး မြန်မာ့ကမ်းလွန်ထွက် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံနေသည့် တိုတယ် ကုမ္ပဏီအား ချန်လှပ် ပြောဆို ခဲ့သဖြင့် လူ့အခွင့်အရေးအဖွဲ့များ နှင့် အတိုက်အခံ ပါတီတို့က ကန့်ကွက် ရှုတ်ချ လိုက်ခြင်း ဖြစ်သည်။

ပြင်သစ်နိုင်ငံ၏ အကြီးဆုံးရေနံကုမ္ပဏီဖြစ်သည့် တိုတယ်ကုမ္ပဏီသည် မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်မှ ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်းတွင် ၁၉၉၁ ခုနှစ် ကတည်းက စတင်ရင်းနှီးမြှုပ်နှံခဲ့သည်။ တိုတယ် ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၈) ဘီလီယံ ဝင်ငွေ အမြတ်အစွန်း ရရှိခဲ့ပြီး အကျိုးအမြတ်၏ (၉၀) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ ရရှိနေသည်။
မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချယ် (၁၈) လချလိုက်ပြီးနောက် မြန်မာစစ်အစိုးရအပေါ် ဖိအား ပေးမှုတွင် တိုတယ်ကုမ္ပဏီအနေဖြင့် ပူးပေါင်းပါဝင်သင့်ကြောင်း ပြင်သစ်အစိုးရက တောင်းဆိုသင့်သည်ဟု အတိုက်အခံ နိုင်ငံရေး သမားများနှင့် လူ့အခွင့်အရေးအဖွဲ့တို့က ရှုမြင်ကြသည်။
မြန်မာစစ်အစိုးရအတွက် အမြတ်တော်ခွန် အများအပြား ရရှိစေသော တိုတယ်ကုမ္ပဏီနှင့် ပွင့်လင်းပြတ်သားစွာ ဆွေးနွေး သင့်ကြောင်း လည်း အတိုက်အခံ နိုင်ငံရေးပါတီတို့က ပြင်သစ်အစိုးရအား တောင်းဆိုလိုက်သည်။
“တိုတယ်ကုမ္ပဏီအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင် ရင်းနှီးမြှုပ်နှံနေတာကို ရပ်တန်းကရပ်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ပြင်သစ်နိုင်ငံရှိ အတိုက်အခံ (Greens) ပါတီမှ ဥက္ကဋ္ဌ ဆာစီလ် ဒေါ့လော့က ပြောကြားလိုက်ပြီး “ဒီနိုင်ငံတကာဖိအား ပိုပြီး ထိရောက် အောင်မြင်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုတယ်ရဲ့ အခန်းကဏ္ဍကို ကျနော်တို့ အသုံးချဖို့လိုတယ်” ဟု ယမန်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တိုတယ်ကုမ္ပဏီ၏ စီမံကိန်းတခုဖြစ်သည့် တနင်္သာရီတိုင်းမှ ကရင်ပြည်နယ်အထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မိုင်(၂၀၀) ကျော် ရှည်လျားသည့် လမ်းတလျှောက်ရှိ တိုင်းရင်းသား ရွာသားများ၏ လယ်ယာမြေ သိမ်းခံရခြင်း၊ ရွာ ရွှေ့ပြောင်း ခံရခြင်း၊ လုပ်အားပေးခိုင်းစေခြင်းများအပါအဝင် မြန်မာစစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန် နေသည်ဟု လူ့အခွင့်အရေးအဖွဲ့တို့က စွပ်စွဲထားသည်။
မြန်မာနိုင်ငံတွင် တိုတယ်၏ ရင်းနှီးမြှုပ်နှံမှုသည် ကာလရှည်ကြာကတည်းက အငြင်းပွားခံနေရပြီး မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုတွင် တိုတယ်ကုမ္ပဏီကို ရုပ်သိမ်းရန် ခက်ခဲသော ဆုံးဖြတ်ချက်တရပ်အဖြစ် ပြင်သစ်အစိုးရက ရှုမြင်ထားသည်။
တိုတယ် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ခရစ္စတိုဖာ ဒီမာဂျာရီက ၎င်းတို့အား ပြစ်တင်ရှုတ်ချနေမည့်အစား ၎င်းတို့ရောင်းချသည့် ဓာတ်ငွေ့ကို ဝယ်ယူနေသည့် ထိုင်းအစိုးရနှင့် မြန်မာ့အိမ်နီးချင်း နိုင်ငံများနှင့်သာ သက်ဆိုင်သဖြင့် ထိုနိုင်ငံများကိုသာ ရှုတ်ချကြရန် နယူးစ်ဝိခ်မဂ္ဂဇင်းနှင့် မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
သို့သော် မြန်မာစစ်အစိုးရအား ပေးဆောင်နေရသည့် ငွေကြေးပမာဏကို ထုတ်ပြန်ခြင်းမရှိသည့်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တို့က မေးခွန်းထုတ်လျက်ရှိသည်။
မြန်မာနိုင်ငံ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထုတ်လုပ်သည့် (၆၀) ရာခိုင်နှုန်းသော ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့နေသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံနေသော လောင်စာနှင့် စွမ်းအင်ဆိုင်ရာ ကုမ္ပဏီများတွင် တောင်ကိုရီးယားမှ ဒေဝူး၊ အင်တာနေရှင်နယ်၊ ပြင်သစ်မှ တိုတယ်၊ အမေရိကန်မှ ယူနီကယ်၊ ရှယ်ဗရွန်၊ ဂျပန်မှ နီပွန်အွိုင်းလ်၊ ထိုင်းမှ ပီတီတီအီးနှင့် မလေးရှားမှ ပက်ထရိုနာ့စ်တို့ ပါဝင်သည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment