8/08/2009

A-H1N1 တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၅ ဦးရှိသွားပြီ


A-H1N1 တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၅ ဦးရှိသွားပြီ
ကမ္ဘာအနှံ့ ဖြစ်ပွားနေတဲ့ A-H1N1 အမျိုးအစား နောက်ဆုံးပေါ် တုပ်ကွေးရောဂါ ဖြစ်ပွားသူ နောက်ထပ်တဦး တိုးလာတဲ့အတွက် မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားသူ ၁၅ ဦး ရှိသွားပြီလို့ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စောလွင်က RFA ကို ဒီကနေ့ သြဂုတ်လ ၇ရက်မှာ ပြောပါတယ်။


မြန်မာပြည်တွင် ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားသော သတင်း ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ကျောင်းတခုတွင် နှာခေါင်းစည်း အကာအကွယ် တပ်ဆင်ထားသော ကျောင်းသားအချို့ကို ဇွန်လ ၃ဝရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)




ဒေါက်တာ စောလွင်။ ။ 'အားလုံး ဒီနေ့ထိအောင် ဖြစ်တာက confirm က ၁၅ ယောက်ပေါ့နော်။ ၁၅ ယောက်မှာ အခု ကျွန်တော်တို့ ၁ဝ ယောက် ဆေးရုံက ဆင်းပြီးသွားပြီ။ ဆေးရုံတွေမှာ ၅ ယောက်ပဲ ကျန်တယ်။ ဆေးရုံတွေဆိုတဲ့ နေရာမှာလည်း ဝေဘာဂီမှာ ရှိတယ်။ ကျွန်တော်တို့ ကလေးဆေးရုံမှာ ရှိတယ်။ အင်းစိန်မှာ ရှိတယ်။ အရှေ့ပိုင်းဆေးရုံမှာ ရှိတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ရှိတယ်ပေါ့နော်။ အကုန်လုံး နေလို့ ကောင်းကြတယ်ခင်ဗျ။'

ရောဂါ နောက်ဆုံးဖြစ်ပွားနေသူဟာ ၁၄ ယောက်မြောက် ရောဂါဖြစ်ပွားသူထံကနေ ကူးစက်ခံရတဲ့ မိသားစုဝင် တဦး ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ၁၄ ယောက်မြောက် ရောဂါဖြစ်ပွားသူဟာ စင်ကာပူ နိုင်ငံကနေ သြဂုတ်လ ၁ ရက်နေ့က လေကြောင်းခရီးနဲ့ ပြန်လည် ရောက်ရှိလာသူ ဖြစ်ပါတယ်။ သူနဲ့ ထိတွေ့မိတဲ့ မိသားစုဝင် ၁၈ ဦးထဲက အသက် ၃နှစ်ခွဲအရွယ် ညီဝမ်းကွဲမှာ ခုလို ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး A အမျိုးအစား နောက်ဆုံးပေါ် ကမ္ဘာ့တုပ်ကွေးရောဂါကို စင်ကာပူနိုင်ငံကနေ လေကြောင်းခရီးနဲ့ ပြန်ရောက်လာတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းခလေးငယ်တဦးမှာ ဇွန်လ ၂၇ ရက်နေ့က ဖော်ထုတ် တွေ့ရှိရကြောင်း ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဒီရောဂါကြောင့် မြန်မာနိုင်ငံမှာ လောလောဆယ်အထိ လူသေဆုံးမှု မရှိသေးဘူးလို့ သိရပါတယ်။


source by :RFA

0 ယောက်ရဲ့ထင်မြင်ချက်: