မွန်ပြည်သစ်အား ခွဲထုတ်ရန် စစ်အစိုးရ ပြင်ဆင်
ဝီရ | နအဖကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ငြင်းဆန်ခဲ့သည့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်အချို့အား နအဖအာဏာပိုင်တို့က သွေးခွဲစည်းရုံးရန် ပြင်ဆင်နေပြီး ပါတီဝင် ဟောင်းများကိုလည်း ရွေးကောက်ပွဲ ဝင်ရောက်ရန် ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။
ထိုင်း-မြန်မာ နယ်စပ်တွင် တာဝန်ကျနေသည့် မွန်ပြည်သစ်ပါတီ ကော်မတီဝင်တဦးက “ပြည်တွင်းမှာရှိတဲ့ ကျနော်တို့ ခေါင်းဆောင် တချို့ကို နအဖအာဏာပိုင်တွေက တိတ်တဆိတ် လာတွေ့နေတာရှိတယ်။ အဓိကကတော့ လာစည်းရုံးတာပဲ။ ကျနော်တို့ အချင်းချင်းကြားမှာ အမြင်မကြည်အောင် ကျနော်တို့ခေါင်းဆောင်တွေက သူတို့နဲ့ခိုးတွေ့နေသလို အထင်ခံရအောင် လုပ်နေတာ။ အမှန်က သူတို့ပဲ လာတွေ့တာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
နအဖအာဏာပိုင်တို့က မွန်ပြည်သစ်ပါတီ၏ တပ်အင်အားနှင့် မွန်ပြည်သူများအကြား အရှိန်အ၀ါရှိသည့် မွန်ခေါင်းဆောင်များနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ကျေးရွာဥက္ကဋ္ဌမှတဆင့် ကောက်ခံခိုင်းနေကြောင်း အဆိုပါကော်မတီဝင်က ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သြဂုတ် (၅) ရက်တွင် မွန်ပြည်သစ်ပါတီမှ ပယ်ချလိုက်သည့်နောက်ပိုင်း ပါတီ၏တပ်အင်အားကို ကောက်ခံနေခြင်းဖြစ်ကြောင်း၊ ပါတီ၏လက်နက်နှင့် တပ်အင်အားစာရင်းကို နအဖက တောင်းခံမှုများ ရှိခဲ့သော်လည်း ပါတီက အကြိမ်ကြိမ်ပယ်ချခဲ့ကြောင်း သိရသည်။
အသက် (၄၀) နှင့် (၅၀) အကြား လူလတ်ပိုင်း မွန်ပြည်သစ်ပါတီဝင်ဟောင်းများကိုလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းနေကြောင်း မော်လမြိုင်ခရိုင်မှ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တဦးက ပြောသည်။
၎င်းက “နအဖက ကျနော်တို့အဖွဲ့က ခွဲထွက်သွားတဲ့ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်ကို ဆုံချက်အဖြစ်သုံးပြီး ပါတီဝင် ဟောင်းတွေကို လိုက်စည်းရုံးနေတယ်။ ရွေးကောက်ပွဲဝင်ဖို့၊ ပါတီဖွဲ့ဖို့ကိစ္စတွေအားလုံး တာဝန်ယူပေးမယ်။ အဲဒီလိုမျိုး စည်းရုံးတာ ရှိတယ်” ဟု ပြောသည်။
မွန်ပြည်သစ်ပါတီမှ ၂၀၀၈ ခု မတ်လက ခွဲထွက်သွားသည့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်၏ လက်နက်အပ်နှံပွဲကို အရှေ့ တောင်တိုင်း စစ်ဌာနချုပ်က အကြိမ်ကြိမ် စီစဉ်ခဲ့သော်လည်း အင်အားမပြည့်သေးသဖြင့် ကျင်းပနိုင်ခြင်းမရှိကြောင်း၊ ယခုလ (၅) ရက်တွင် ဗိုလ်ချုပ်အောင်နိုင်အဖွဲ့၏ လက်နက်အပ်ပွဲကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် ကျင်းပရန် စီစဉ်ပြီးမှ ထပ်မံ ပျက်ပြား သွားခဲ့သည်။
“ဗိုလ်ချုပ်အောင်နိုင်ကို သုံးပြီးတော့ ကျနော်တို့ပါတီဝင်တွေကို တိတ်တဆိတ် ကမ်းလှမ်းနေတာ။ ဒါပေမယ့် နိုင်ငံရေး အမြင်ရှိတဲ့ သူတွေကို စည်းရုံးလို့ရမှာ မဟုတ်ဘူး။ လက်နက်အပ်ပွဲ လုပ်ပြီးရင် စီးပွားရေးလုပ်ခွင့်တွေ၊ နယ်မြေတွေ၊ ဂိတ်တွေကို တရားဝင် သတ်မှတ်ပေးမယ်ဆိုပြီး ပြောလို့ ဗိုလ်ချုပ်အောင်နိုင်က ဒီကိစ္စကို စိုင်းပြင်းနေတာ” ဟု အဆိုပါဗဟိုကော်မတီဝင်က ရှင်းပြသည်။
အသက် (၆၈) နှစ်ရှိ ဗိုလ်ချုပ် အောင်နိုင်သည် ယခုအခါ သံဃာဝတ်ဖြင့် မုဒုံမြို့နယ်၊ လက်တက်ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် သီတင်းသုံးနေကြောင်း သိရသည်။
မွန်ပြည်သစ် ပါတီအား နအဖက စစ်ရေးအရ ဖိအားပေးခြင်း မရှိသေးသော်လည်း ၎င်းတို့တပ်များကို ဘုရားသုံးဆူမြို့တွင် အင်အား ထပ်မံ ဖြည့်တင်းရန်ရှိကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment