ရန်ကုန်ဆိုင်ကယ်များ လိမ္မော်ရောင်ပြောင်းပြီ
အောင်ကျော်မိုး | ရန်ကုန်မြို့တွင် ရဲနှင့်ဌာနဆိုင်ရာတို့ စီးနင်းမည့် ဆိုင်ကယ်များကို သုံးဘီးကားရောင် (လိမ္မော်) သတ်မှတ်ပြီးနောက် ယခုအခါ စတင်သုံးစွဲနေပြီဖြစ်သည်။
ပန်းဆိုးတန်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးမှ သတင်းရဲတပ်ဖွဲ့ အရာရှိတဦးက “ရန်ကုန်မှာ လက်ရှိ စီးခွင့်ပြုထားတဲ့ ဆိုင်ကယ် တွေကို အရောင် (၂) မျိုး သတ်မှတ် ပေးလိုက်တယ်။ အထူးသဖြင့် စရဖတွေဖြစ်တဲ့ စစ်တပ်အတွက် စစ်စိမ်းရောင်၊ ကျနော်တို့ ရဲနဲ့ ဝန်ထမ်းတချို့အတွက် သုံးဘီးကား လိမ္မော်ရောင် သတ်မှတ်ပေးလိုက်တယ်။ ခုတော့ အတော်များများ ဆေးမှုတ်ပြီး စီးနေကြပြီ” ဟု ပြောသည်။
နအဖ အာဏာပိုင် များသည် မူလက ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ် အတွင်းတွင် စစ်တပ်၊ ရဲနှင့် ဝန်ထမ်းအချို့ကို ဆိုင်ကယ် စီးနင်းခွင့်ပြုခဲ့ပြီး စုစုပေါင်း ဆိုင်ကယ် အစီးရေ (၈ဝဝ) ကျော် ခွင့်ပြုထားသော်လည်း အမှန်တကယ် စီးနေကြသည့် အရေအတွက် အစီးရေ (၃,ဝဝဝ-၄,ဝဝဝ) မက ရှိနေကြောင်း၊ ဆိုင်ကယ် စီးသူများမှာ ရဲ၊ မယက၊ ရယကနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတို့ ဖြစ်ကြကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။

အဆိုပါလူများသည် ဆိုင်ကယ်စီးနင်းခွင့် မရှိသော်လည်း ရဲနှင့်ဌာနဆိုင်ရာဝန်ထမ်းများ ဖြစ်ခြင်းကြောင့် အရေးယူဖမ်းဆီးရန် ခက်ခဲကြောင်း၊ အဆင့်နိမ့်သည့်ဝန်ထမ်းများနှင့် အရပ်သားများကိုမူ ဖမ်းဆီးပြီး ဆိုင်ကယ်သိမ်း အရေးယူခဲ့သော်လည်း ဆိုင်ကယ်များ နည်းမသွားဘဲ ပိုများလာကြောင်း၊ စီးနင်းခွင့်မပေးသည့် မြို့နယ်တို့တွင်လည်း စီးလာသည့်အတွက် ယခုကဲ့သို့ အရောင်သတ်မှတ်ပြီး စီးခိုင်းခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲက ရှင်းပြသည်။
၎င်းက “ဒါမှ စီးနင်းခွင့်မရှိတဲ့ ဆိုင်ကယ်တွေကို အလွယ်တကူခွဲခြားနိုင်ပြီး ဖမ်းဆီးအရေးယူနိုင်မှာ ဖြစ်တယ်။ အခုလို ဆိုင်ကယ်အရောင် ခွဲခြားသတ်မှတ်လိုက်ပြီးတော့ စီနင်းခွင့်ပေးတဲ့အရေအတွက်လည်း အစီး (၁၀၀) လောက် လျှော့လိုက် တယ်” ဟု ပြောသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment