8/10/2009

ကိုးကန့်ဒေသ စစ်ရေးတင်းမာမှုကြောင့် ဒေသခံများတရုတ်ဘက် ထွက်ပြေးခိုလှုံ

ရန်ပိုင် | စစ်အစိုးရ နှင့် ကိုးကန့်အပစ်ရပ်အဖွဲ့တို့ လောက်ကိုင်မြို့ အနီးတွင် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့ပြီး ဒေသခံ တသောင်းကျော် တရုတ် ပြည်ဘက် ထွက်ပြေးသွားကြောင်း သိရသည်။

ကိုးကန့် အပစ်ရပ်အဖွဲ့နှင့် စစ်အစိုးရ တပ်ဖွဲ့တို့ သြဂုတ်လ ၈ရက်နေ့က စီအောရွာ နှင့် ရန်လုံ ကျိုင်းကြားရှိ တရုတ် ပြည်သွား ကားလမ်းမ ပေါ်တွင် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တရုတ် မြန်မာ နယ်စပ်စည်း ဘေးကပ်ရက်မှာ ဥက္ကဌကြီး ဖုန်ကျားရှင်ရဲ့အိမ်နဲ့ ဂိုဒေါင်ကို မူးယစ်ဆေးဝါး ရှာချင်တယ် ဆိုပြီး သြဂုတ်လ ၈ရက်နေ့မနက်အစောကြီး လာဝိုင်းလို့ ထိပ်တိုက်တွေ့တာ”ဟု တရုတ် မြန်မာ နယ်စပ် စစ်ရေး နိုင်ငံရေး အကဲ ခတ် ဦးအောင်ကျော် ဇောကပြောသည်။

ဖုန်ကျားရှင်၏ အိမ်နှင့် ဂိုဒေါင်တွင် လက်နက်များ သိုလှောင် ထားသည်ဟု စစ်အစိုးရမှ သံသယရှိသောကြောင့် ရှာဖွေခြင်း ဖြစ်ကြောင်းသိရသည်။

သြဂုတ်လ ၈ ရက်နေ့ မနက် စောစောတွင် ရုတ်တရက် ၀ိုင်းရံ ခြင်းဖြစ်ပြီး ဒေသကွပ်ကဲရေး စစ်ဋ္ဌာချုပ် လက်အောက်ခံ တပ်ခွဲ များ၊ ရဲနှင့်မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲများ စုစုပေါင်း အင်အား ၇၀ ခန့် ပါဝင်သည်ဟု သိရသည်။

၎င်းတို့ကို အင်အား ၃၀၀ ခန့် ရှိသော ကိုးကန့်တပ်က တောင်ကုန်းများပေါ်တွင်နေရာယူပြီး ပိတ်ဆို့ ထားခဲ့ကြောင်းသိရသည်။

“ဥက္ကဋ္ဌကြီး ဖုန်ကျားရှင် ရောက်လာပြီး ၊ စစ်ဆေးချင်ရင် ငါနဲ့လိုက်ခဲ့ လက်နက်တွေယူလာစရာမလိုဘူး၊ တပ်နဲ့ဝင်လာစရာ မလိုဘူး၊ မင်းတို့ ဆုတ်ပေးပါလို့ပြောတော့၊ စစ်တပ်ကဆုတ်သွားတယ်၊ မနက် ၈း၃၀ ကနေပြီးတော့ နေ့ခင်း ၂း၃၀လောက် အထိ ကြာတယ်”ဟု ဦးအောင်ကျော်ဇောကပြောသည်။

တရုတ်ပြည်သွား ကွမ်းလုံ ကားလမ်းမပေါ်တွင် နှစ်ဘက် စစ်တပ်များ နေရာယူ ပြင်ဆင်မှု ရှိခဲ့သောကြောင့် ဒေသခံများ နှင့် တရုတ်နိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်သူများ အထိတ်တလန့် ဖြစ်ပြီး ၊ လူတသောင်းကျော် တရုတ်ပြည်ဘက်သို့ ထွက် ပြေးသွားခဲ့ ကြောင်းသိရသည်။

သြဂုတ်လ ၉ရက်နေ့က အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်အောင်သန်းထွဋ္ဋ်ရောက်ရှိလာပြီး အခြားသော ကိုးကန့် အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သော်လည်း၊ ဦးဖုန်ကျားရှင်မှ လက်ခံ တွေ့ဆုံခဲ့ခြင်း မရှိဟုသိရသည်။

တရုတ်မြန်မာ နယ်စပ်ရှိ အပစ်ရပ်အဖွဲ့များက နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ် ပြောင်းလဲရေး ကမ်းလှမ်းချက်ကို လက်မ ခံသောကြောင့် ဒေသခံလူထု အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်၍ စစ်အစိုးရမှ ပရိယာယ် လုပ်ဆောင် နေသည် ဟုထင်ကြောင်းကို ဦးအောင်ကျော်ဇော က ပြောသည်။

“ကချင်မှာလည်း တပ်အပြောင်းအရွှေ့နဲ့ လက်နက်ကြီးများ ချထားတယ်၊ မိုင်းလားမှ တပ်တွေကို ရိက္ခာ စုဆောင်းခိုင်းပြီး မိုးရာသီကုန်ရင် ထိုးစစ်တွေ စတင်မယ်လို့ ပြောပြီးတော့ နယ်မြေ ဒေသ မတည်ငြိမ်အောင် လုပ်နေတယ်”ဟုပြောသည်။

တရုတ်နိုင်ငံ အနေဖြင့် ၄င်း နယ်စပ်ရှိ အပစ်ရပ်အဖွဲ့များနှင့် စစ်အစိုးရကြားတွင် ရှိနေသော ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် လိုလားကြောင်း မြန်မာစစ် အစိုးရအား သဘောထားပေးထားသည်ဟု ဆိုသည်

လောက်ကိုင်မြို့သည် မြန်မာပြည် အရှေ့မြောက်ဘက်စွန်း တရုတ်ပြည် နယ်စပ်နှင့် ကပ်လျက်ရှိပြီး တရုတ်လူမျိုးများ အများ ဆုံးနေထိုင်ကာ လောင်ကစားရုံကြီးများလည်းရှိသော လူဦးရေ ၂ သိန်း ခန့်ရှိသည့် မြို့ဖြစ်ကြောင်း သိရသည်။

ဝ နှင့် ကိုးကန့်တပ်ဖွဲ့များကို မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှုများတွင် ပါဝင် ပတ်သက်သည်ဟု အပြည်ပြည် ဆိုင်ရာ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များက သံသယရှိနေသောကြောင့် ၂၀၀၃ခုနှစ်တွင် ကိုးကန့် ခေါင်းဆောင်များက မူးယစ် ဆေးဝါး ကင်းစင်သော နယ်မြေအဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။

ဖုန်ကျားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ် ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်: