8/14/2009

အစိုးရဌာန ဆိုင်ရာ ရုံးများတွင် ကွန်ပျူတာနှင့် အင်တာနက် သုံးစွဲမှု ကန့်သတ်

ဝင်းမြတ် | နေပြည်တော်နှင့် ရန်ကုန်မြို့အပါအ၀င် အစိုးရရုံး ဌာနများတွင် ကွန်ပျူတာနှင့် အင်တာနက် သုံးစွဲခွင့်များကို ပိုမို တင်းကြပ်လိုက်ပြီး၊ အချို့သော ၀န်ကြီးဌာနများတွင် ညွှန်ကြားရေးမှူး အဆင့် ရာထူးရှိသူများသာ အင်တာနက် သုံးစွဲနိုင်ခွင့် သတ်မှတ်ချက် များလည်း ပါရှိသည်ဟု အမည်မဖေါ်လိုသူ ဌာနဆိုင်ရာ ၀န်ထမ်း တဦးက ပြောဆိုသည်။

ယခုကဲ့သို့ ကွန်ပျူတာနှင့် အင်တာနက် သုံးစွဲခွင့်တင်းကြပ်လိုက်ရခြင်းမှာ နေပြည်တော်တွင်ဖေါက်လုပ်သည့် ဥမင်လှိုင်ခေါင်းနှင့် နအဖ ခေါင်းဆောင်များ၏ နိုင်ငံခြားခရီစဉ် လျှို့ဝှက်မှတ်တမ်းများ ပေါက်ကြားခြင်းတို့ ကြောင့်ဖြစ်သည်ဟု ဌာနဆိုင်ရာဝန်ထမ်းများက နားလည်လျက် ရှိကြသည်။

ရန်ကုန်မြို့ တိုင်းအဆင့် ရုံးဌာနတခုမှ ၀န်ထမ်းဖြစ်သူက “မနေ့က ဌာနတွင်း အစည်းအဝေး လုပ်တယ်၊ ရုံးက ကွန်ပျူတာတွေအားလုံးကို ၀ှက်စာ (password) ထားဖို့၊ ကွန်ပျူတာတင်မကပဲ ကွန်ပျူတာထဲက ဖိုင်တခုချင်းစီမှာလည်း ၀ှက်စာနဲ့ ထပ်သိမ်းဆည်းဖို့ စည်ကမ်းတွေ ချလိုက်တယ်။ ကွန်ပျူတာကိုလည်း မသက်ဆိုင်တဲ့သူကိုင်ခွင့်မရှိတော့ဘူး၊ ဘယ်သူသုံးတယ် ဘာဖိုင်တွေ ထည့်သွင်းတယ်ဆိုတာ မှတ်တမ်းထားဖို့ အထိ စည်းကမ်းသတ်မှတ်လိုက်တယ်” ဟုပြောဆိုသည်။

သို့ရာတွင် နေပြည်တော်မှ ထိပ်တန်းလျှို့ဝှက် အဆင့်ရှိ စည်းဝေးမှတ်တမ်း၊ ခရီးစဉ် မှတ်တမ်းများ ပေါက်ကြား ခဲ့ရခြင်းမှာ စစ်တပ် အတွင်းမှ လူကြီး ခရီးစဉ်တို့တွင် လိုက်ပါရသည့်စစ်အရာရှိများ၊ သို့မဟုတ် ထိုသို့သော ထိပ်တန်းလျှို့ဝှက် မှတ်တမ်းမှတ်ရာများကို ကြည့်ရှုခွင့်ရှိသည့် လက်တဆုပ်စာ မျှသော စစ်ဘက်ဆိုင်ရာ ၀န်ထမ်းများမှ ပေါက်ကြားခဲ့ခြင်း ဖြစ်သည်ဟု ယူဆလျက်ရှိကြသည်။

ပြီးခဲ့သည် သီတင်းပါတ်များ အတွင်း ရုရှားပြန် စစ်ဗိုလ် လူထွက် အချို့အား ငွေယူပြီး နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခဲ့ခြင်း အတွက် နိုင်ငံကူး လက်မှတ်ရုံး ၀န်ထမ်း အချို့နှင့် ပွဲစား အများအပြား အဖမ်းခံခဲ့ရသည်မှာ စစ်အစိုးရ၏ သတင်း အချက်အလက် ပေါက်ကြားမှု ကိစ္စနှင့် ပတ်သက်သည်ဟုလည်း နိုင်ငံကူး လက်မှတ်ရုံးနှင့် နီးစပ်သူများက ပြောဆိုသည်။

နအဖ အစိုးရသည် စစ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို (e-Government) အီလက်ထရွန်းနစ် စနစ်သို့ပြောင်းလဲရန် ဖေါ်ဆောင်လျက် ရှိပြီး စီးပွားကူးသန်း ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန စသည့်ဌာနများတွင် အွန်လိုင်း စနစ်ဖြင့် လျှောက်လွှာ တင်ခြင်း ခွင့်ပြုခြင်းတို့ကို လွန်ခဲ့သည့် ၃နှစ်ခန့်မှ စတင် အသုံးပြုလျက်ရှိနေပြီး ယခုလို အင်တာနက်နှင့် ကွန်ပျူတာ သုံးစွဲခွင့် ကန့်သတ်မှုသည် လုပ်ငန်းပိုင်း လျင်မြန် ပြီးစီးမှုကို ထိခိုက်စေနိုင်သည်ဟု ကွန်ပျူတာ ပညာရှင်တဦးက ပြောဆိုသည်။

နအဖ အစိုးရ အနေဖြင့် ၀န်ကြီးဌာနများ အလိုက် အခြေခံ ကွန်ပျူတာသင်တန်းများ အခါအားလျှော်စွာ ပြုလုပ်၍ သက်ဆိုင်ရာ ဌာန အလိုက် ၀န်ထမ်းများကို လေ့ကျင့်ပေးလျက်ရှိသည်ကို တွေ့ရသော်လည်း အခြားတဘက်တွင် အင်တာနက်လို အိုင်တီ နည်းပညာ များက စစ်အစိုးရ၏ သတင်းအချက်အလက်များကို ပေါက်ကြားစေနိုင်သဖြင့် စစ်အစိုးရအတွက် ဒွိဟ ဖြစ်စရာ အခြေအနေဖြစ် နေသည်ဟု လည်းသုံးသပ် ဝေဘန်လျက် ရှိကြသည်။

source by : မိုးမခ

0 ယောက်ရဲ့ထင်မြင်ချက်: