8/12/2009

ခိုးကူးခွေတိုက်ဖျက်မှု မအောင်မြင်

ဝီရ | မြန်မာနိုင်ငံတွင် သီချင်းများနှင့်ဗွီဒီယို ခိုးကူး ရောင်းချသည့် ဈေးကွက်အား တိုက်ဖျက်ရန် ထုတ်လုပ် သူများနှင့် အဆိုရှင် တို့က အားကြိုးမာန်တက် လုပ်ဆောင်နေကြသော်လည်း မြန်မာအာဏာပိုင်များ၏ ပူးပေါင်း ဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် အောင်မြင်မှုမရှိကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ဂီတ အစည်းအရုံး အဖွဲ့ဝင်တို့က ပြောသည်။

၂၀၀၉ ခုနှစ် သြဂုတ်လ အစပိုင်းတွင် လေးဖြူ၏ “ဘင်္ဂလား ပင်လယ်အော်” ဗီစီဒီအား ကျပ် (၃၀၀) ဖြင့် ရောင်းချ ခဲ့သော်လည်း ခိုးကူးခွေ လုပ်ငန်းအား ထိရောက်မှုမရှိဟု ဂီတ အစည်းအရုံးဝင် တဦးက ပြောသည်။

၎င်းက “ဥပဒေထဲမှာ ပြဋ္ဌာန်းထားတာ ရှိပေမယ့် လက်တွေ့ လုပ်ဆောင်မှု မရှိသေးလို့ လမ်းဘေး ကလည်း ဒီလိုပဲ ပြောင်ပြောင်တင်းတင်း ချရောင်းနေကြတယ်။ လေးဖြူက (၃၀၀) ကျပ်နဲ့အရှုံးခံပြီး ချရောင်းနေပေမယ့် သက်ဆိုင်ရာက အရေးယူတာတွေ မရှိသေးသရွေ့တော့ ဒီကိစ္စက အောင်မြင်မှာမဟုတ်ဘူး။ ကော်ပီခွေတွေ ရောင်းတဲ့လူတွေက ရှုံးတာမဟုတ်ဘူး” ဟု ပြောသည်။

ခိုးကူးခွေ ရောင်းချသူများအား အရေးယူရာတွင် ယခင်က ဒဏ်ငွေကျပ် (၁) သိန်းအစား လွန်ခဲ့သည့် လအနည်းငယ်မှစ၍ ထောင်ဒဏ် (၁) နှစ်မှ (၃) နှစ်အထိ ပြောင်းလဲချမှတ်ခဲ့သော်လည်း ခိုးကူးခွေ တိုက်ဖျက်ရေးကို ထိရောက်မှုမရှိသေးကြောင်း ၎င်းက ပြောသည်။

တေးသီချင်း ထုတ်လုပ်သူများက ရင်းနှီးငွေ ပြန်လည်ရရှိနိုင်ရန် နည်းလမ်းရှာကြရာတွင် တေးသီချင်း စတင် ဖြန့်ချိသည့် ပထမ အပတ်များတွင် အရောင်းမြှင့်တင်ရေး (Promotion) အနေဖြင့် အဆိုရှင်များကိုယ်တိုင် လက်မှတ် ရေးထိုးကာ နယ်အပါအ၀င် အရောင်း စင်တာများတွင် ရောင်းချကြကြောင်း တေးထုတ်လုပ်ရေး လုပ်ငန်းမှ မန်နေဂျာ တဦးက ပြောသည်။ သို့သော် အရှုံးပေါ်သည်ကသာများကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ တရားမဝင် ခိုးကူးခွေ ဈေးကွက်ကြောင့် ဂီတလောက ရပ်ဆိုင်း လုနီးပါး အခြေအနေသို့ ရောက်ရှိ နေပြီး လွန်ခဲ့သည့် (၃) နှစ်မှစ၍ နှစ်စဉ် တေးထုတ်လုပ်မှုသည် ထက်ဝက်ကျော် ကျဆင်းနေကြောင်းနှင့် ၂၀၀၉ ခုနှစ်တွင် ပျမ်းမျှအားဖြင့် တလလျှင် ထုတ်လုပ်နိုင်သည့် တေးစီးရီးမှာ (၁၀) ခွေ ဝန်းကျင်သာ ကျန်ရှိ တော့ကြောင်း သိရသည်။

ခိုးကူးခွေ ဈေးကွက် ကျယ်ပြန့်ရခြင်းမှာ ခိုးကူးခွေနှင့် မူရင်းခွေ ဈေးနှုန်းကွာခြားခြင်း၊ ခိုးကူးခွေများက နေရာတိုင်းတွင် အလွယ်တကူ ဝယ်ယူနိုင်ခြင်းတို့ကြောင့်ဖြစ်ပြီး အဆိုပါခိုးကူးခွေများအား စီမံချက်အနေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးသည်မှာလည်း အချက်တချက်ဖြစ်ကြောင်း တေးထုတ်လုပ်ရေး မန်နေဂျာက ပြောသည်။

တရားမဝင် ဗီစီဒီ/ဒီဗီဒီ အခွေများအား တိုက်ဖျက်ရန်ရည်ရွယ်၍ အဆိုရှင်အချို့က ခိုးကူးခွေရောင်းချသည့် ဈေးနှုန်းအတိုင်း ၎င်းတို့၏ မူရင်းခွေများအား ကိုယ်တိုင်ရောင်းချခဲ့သည်များ ရှိခဲ့ဖူးသည်။ ထိုသူများအနက် ကျော်ဟိန်းနှင့် ဂျေညီညီတို့လည်း ပါဝင်ခဲ့သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: