8/13/2009

ရေနံချောင်း အန်အယ်ဒီ အဖွဲ့ဝင် ၅ ဦး ပြန်လွတ်လာ

မဇ္ဈိမ | ချင်းမိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက် ချမည့်နေ့ ယခုလ ၁၁ ရက်နေ့ နံနက်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည့် မကွေးတိုင်း ရေနံချောင်းမြို့မှ အန်အယ်ဒီအဖွဲ့ဝင် ၅ ဦး ပြန်လွတ်လာပြီဖြစ်သည်။

ရေနံချောင်းမြို့နေ အန်အယ်ဒီခေါင်းဆောင်များဖြစ်သည့် မကွေးတိုင်း အန်အယ်ဒီ အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေးနှင့် ပါတီအဖွဲ့ဝင်များဖြစ်သော ဦးသန်းအောင်၊ ဦးတင့်လွင်၊ ဦးကျော်ငြိမ်း၊ ဦးအေးကိုတို့ကို တရက်ကြာ ထိန်းသိမ်းပြီးနောက် နေ့တွင်းချင်းနှင့် နောက်တရက်တို့တွင် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသူ ဒေါ်ခင်စောဌေးက “ပထမ အန်တီရဲ့ ကိုယ်ရေးရာဇဝင်ကို မေးတာပါပဲ။ ပြီးတော့ အန်တီ ရန်ကုန် သွားတာကို မေးတယ်။ ဘာဖြစ်လို့သွားတာလဲ၊ ဘာတွေလုပ်ခဲ့သလဲ မေးတယ်။ ရန်ကုန်မှာ ဗဟိုအမျိုးသမီး အထောက်အကူပြု သင်တန်း သွားတက်တာလို့ ဖြေတော့ ဘာတွေ သင်ရလဲ၊ ဘယ်သူတွေ သင်ပေးတာလဲ၊ အဲတာတွေ မေးတော့တာပဲ။ သူတို့ မနှိပ်စက်ပါဘူး၊ မညှဉ်းဆဲပါဘူး ဆိုတာကိုတော့ ခံဝန်ထိုးခိုင်းပါတယ်။ အန်တီကို ၂၄ နာရီ ချုပ်တာပါပဲ” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်ခင်စောဌေးအား ကျောက်တိုင်ရဲစခန်းတွင် ချုပ်နှောင်ကာ ၁၂ ရက်နေ့ နံနက် ၃ နာရီတွင် နေအိမ်သို့ ပို့ဆောင်ပေးခဲ့သည်။

အလားတူ ဦးသန်းအောင်နှင့် ဦးအေးကိုတို့အား ရေနံချောင်း မြို့မရဲစခန်းတွင် ချုပ်နှောင်ပြီး၊ ၁၂ ရက်နေ့ နံနက် ၁ နာရီတွင် နေအိမ်သို့ ပို့ဆောင်ပေးခဲ့သည်ဟု ကိုအေးကိုက ပြောသည်။

ဦးကျော်ငြိမ်းအား ညောင်လှရဲစခန်းတွင် ချုပ်နှောင်ပြီး ၁၁ ရက်နေ့ ည ၁၁ နာရီတွင်ပင် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

ဦးတင့်လွင်အား ရေနံချောင်း မြောက်ဘက် လက်မှတ်ကုန်းတွင် ဖမ်းဆီးချုပ်နှောင်ကာ ၁၁ ရက်နေ့ ည ၁၂ နာရီတွင် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

ယင်းသို့ဖမ်းဆီးခြင်းသည် လွတ်လပ်စွာ ကိုးကွယ်ခွင့်အား ချိုးဖောက်ခြင်းဖြစ်ကြောင်း ဒီမိုကရေစီဆိုသည်မှာ ကျင့်ကြံရသည့် ကိစ္စတခုဖြစ်ကြောင်း ဒေါ်ခင်စောဌေးက ပြောသည်။

“တိုင်းပြည်က လွတ်လပ်ပြီး လူတွေက မလွတ်လပ်သေးဘူးဆိုတာ အန်တီတို့က နမှုနာပြတာ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို တားမြစ်ပိတ်ပင်တာ မဟုတ်ဘူးလားလို့ အန်တီက မေးတာ။ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးသွားတာလို့။ ဒီမိုကရေစီ ဆိုတာ ပေးမှရတာ၊ တောင်းမှရတာ မဟုတ်ဘူး။ ကျင့်ရတာလေ။ အဲဒါကြောင့် ကျင့်ရမှာပေါ့” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်သည့်နေ့က ရန်ကုန်၊ ပဲခူးမြို့တို့မှ အန်အယ်ဒီ အဖွဲ့ဝင်များနှင့် ထောက်ခံသူများကို အာဏာပိုင်များက ခေတ္တထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။

source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်: