8/14/2009

ကုလ လုံခြုံရေးကောင်စီ အစည်းအဝေး မြန်မာ့အရေး မဆုံးဖြတ်နိုင်

မဇ္ဈိမ | (ချင်းမိုင်)။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ၁၈ လ တိုးမြှင့်လိုက်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးနေသော ကုလလုံခြုံရေး ကောင်စီ၏ ပြီးခဲ့သည့် အင်္ဂါနေ့က တံခါးပိတ် အစည်းအဝေးသည် ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခြင်း မရှိဘဲ ရပ်ဆိုင်းခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်သော တရားရုံး ဆုံးဖြတ်ချက်ကို ရှုတ်ချပြီး နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုသည့် အဆိုပြုချက် မူကြမ်းကို အမေရိကန်က ရေးဆွဲပြီး လုံခြုံရေး ကောင်စီသို့ တင်သွင်း ခဲ့သော်လည်း ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိဘဲ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ထောင်တွင်း တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမှတ်သော ယခုလ ၁၁ ရက်၊ အင်္ဂါနေ့၌ပင် ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် ပြင်သစ်နိုင်ငံ၏ တောင်းဆိုချက်အရ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သည့် လုံခြုံရေး ကောင်စီ အစည်းအဝေးအား ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။

ဗီဒိုအာဏာရှိသော တရုတ်၊ ရုရှ အပါအဝင် နိုင်ငံအချို့က လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် တစုံတရာမချမှတ်မီ ၎င်းတို့၏ အစိုးရများနှင့် ပြန်လည်ဆွေးနွေးရန် လိုအပ်သည်ဟု တင်ပြခဲ့ကြသည်။

ထို့အပြင် တရုတ်အစိုးရက မြန်မာနိုင်ငံ၏ တရားရေးစနစ်ကို အသိအမှတ်ပြု လေးစားရန်နှင့် အင်းအားကြီး နိုင်ငံများ အနေဖြင့် မြန်မာ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် ယမန်နေ့က သတိပေး ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် စီးပွားရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ပြုလုပ်လျက်ရှိပြီး ကုလသမဂ္ဂမှ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း ဗီဒိုအာဏာသုံး၍ အကာအကွယ်ပေးလေ့ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယင်းသို့ နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့မှုအပေါ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက အလွန်အမင်း စိတ်ပျက်ရကြောင်းနှင့် ကုလ၏ ဆုံးဖြတ်ချက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံး အမြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုလိုက်သည်။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ သြစတြေးလျား အစိုးရတို့ကလည်း ယင်းအမိန့်နှင့်ပတ်သက်၍ ရှုတ်ချကြပြီး ဤပုံစံအတိုင်း ဆက်သွားပါက ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် လျာထားသည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ရလဒ်အား နိုင်ငံတကာက အသိအမှတ် ပြုဖွယ် မရှိကြောင်း ထုတ်ဖော် ပြောဆိုကြသည်။

မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်သော အာဆီယံအဖွဲ့ကြီးကိုယ်စား အလှည့်ကျဥက္ကဋ္ဌ ဖြစ်နေသော ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် ယမန်နေ့က ထပ်မံတောင်းဆိုခဲ့ပြန်သည်။

အမေရိကန် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ၏ အရှေ့အာရှနှင့် ပိစိဖိတ်ဒေသဆိုင်ရာ ကော်မတီခွဲ ဥက္ကဋ္ဌဖြစ်သူ အမေရိကန် ဒီမိုကရက်တစ် လွှတ်တော်အမတ် Jim Webb သည် မကြာမီကာလအတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်း၏ရုံးက ယမန်နေ့တွင် ထုတ်ပြန် ပြောဆိုခဲ့သည်။

အင်းစိန် ထောင်တွင်းမှ အထူးတရားခွင်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် စည်းမျဉ်း ချိုးဖောက် သည်ဟု စွပ်စွဲ၍ အင်းစိန်ထောင်အတွင်း ရက်ပေါင်း ၅၀ ကျော် ချုပ်နှောင်ထားပြီးနောက် ယခုလ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။

သို့သော် ယင်းနေ့မတိုင်မီ တရက်အလိုတွင် မြန်မာစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်ထဲရေး ဝန်ကြီးဌာနသို့ ပေးပို့သည့် ကြိုတင် ညွှန်ကြားချက် အရ နေအိမ်အကျယ်ချုပ် ၁၈ လသို့ လျှော့ချခဲ့သည်။

မြန်မာ နိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခြင်း ခံထားရသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ထောင်ကျော် ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ထုတ်ပြန် ထားသည်။

source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်: