အမှု ရက်ရွှေ့ဆိုင်းခြင်းသည် စစ်အစိုးရ၏ ပရိယာယ်ဖြစ်ကြောင်းသုံးသပ်
RFA
ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြီးသတ် စီရင်ချက်ချမှတ်မယ့်နေ့ကို သြဂုတ်လ ၁၁ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်တာဟာ စစ်အစိုးရက သူတို့အပေါ် ကျရောက်လာနိုင်တဲ့ ဆိုးကျိုးတွေ လျော့နည်းသွားစေချင်လို့သာ ဖြစ်ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။
အခုလို ရက်ရွှေ့ဆိုင်းလိုက်တာဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ အနည်းဆုံးတော့ ပြည်တွင်းပြည်ပ ဖိအားတွေအပေါ် ထည့်တွက်တန်သလောက် တွက်တယ်ဆိုတဲ့ လက္ခဏာပဲ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချဖို့ စစ်အစိုးရ ချီတုံချတုံ ဖြစ်နေတာဟာ နောက်နှစ် ရွေးကောက်ပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပိတ်လှောင်ထားရေးနဲ့ ဒီလို ပိတ်လှောင်ထားတဲ့အပေါ် ပြည်ပက အမြင်ကောင်းရေးဆိုတဲ့ အရေးနှစ်ခုကြားမှာ ဟန်ချက်မျှဖို့ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ခဲ့ရင် ဆူဆူပူပူမလုပ်ကြဖို့ မကြာခင်က သတင်းစာက သတိပေး ရေးသားခဲ့တာဟာ ပြည်တွင်း မကျေမနပ်မှုအပေါ် စစ်အစိုးရရဲ့ စိုးရိမ်မှုကို ပြသလိုက်တာဖြစ်ကြောင်း ပြောဆိုကြပါတယ်။
နိုင်ငံတကာဖိအားကို စစ်အစိုးရနောက်ဆုံးလိုက်လျောခဲ့တာဟာ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး နောက်ဆုံးမှာ နိုင်ငံတကာ အကူအညီတွေကို လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မြန်မာစစ်အစိုးရနဲ့ အနီးကပ် ဆက်ဆံနေတဲ့ တရုတ်က မီးစိမ်း ပြလိုက်လို့ဖြစ်ကြောင်း၊ အခု ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာတော့ တရုတ်ဘက်က ခါတိုင်းလို ပြောဆိုတာမျိုး မကြားရသေးကြောင်း၊ ဒါ့ပြင် တရုတ်က ဖိအားပေးနေခဲ့လို့ ရက်ရွှေ့ဆိုင်းတာ ဖြစ်နိုင်ကြောင်း၊ တကယ်လို့ ဒါဟာ မြန်မာ့ ပြည်တွင်းရေးကိစ္စသာ ဖြစ်ပါတယ်လို့ တရုတ်က ပြောလိုက်တယ်ဆိုရင် အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ပြီးသား ဖြစ်နေနိုင်ကြောင်း သုံးသပ် ပြောဆိုကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာဥပဒေအကြံပေး Mr. Jared Genser ကတော့ မြန်မာစစ်အစိုးရဟာ မဟာဗျူဟာကျကျ အချိန် ရွေးချယ်လိုက်တာ ဖြစ်ကြောင်း၊ သြဂုတ်လလယ်အထိ ရက်ရွှေ့ဆိုင်းလိုက်တာဟာ အဲဒီအချိန်မှာ ကမ္ဘာတဝှမ်းက ကုလသမဂ္ဂ အရာရှိတွေနဲ့ အစိုးရတွေ အားလပ်ရက် ယူကြတဲ့အချိန် ဖြစ်နေကြောင်း၊ စစ်အစိုးရရဲ့ ပရိယာယ် အလုပ်ဖြစ် မဖြစ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

source by :RFA
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment