7/10/2009

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေနိုင်ငံများ အစည်းအဝေးပြုလုပ်


RFA
အတွင်းရေးမှူးချုပ် Mr. Ban Ki Moon နဲ့ အထူးကိုယ်စားလှယ် Mr. Gambari တို့ရဲ့ မကြာခင်က မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေနိုင်ငံများ အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ် မြေအောက်ထပ် ခန်းမတခုမှာ ဇူလိုင် ၈ ရက်၊ မနေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။


အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမ္ဘာ့ ကုလသမဂ္ဂ ဌာနချုပ် အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP)
အစည်းအဝေးကို ညနေ ၄ နာရီကနေ ၅ နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီတက်ရောက်တယ်လို့ ကုလသမဂ္ဂ အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Inner City Press က ရေးသားပါတယ်။ မစ္စတာ ဘန်ကီမွန်းကတော့ အီတလီနိုင်ငံမှာ ကျင်းပနေတဲ့ စက်မှုထိပ်သီး ၈ နိုင်ငံ G-8 အစည်းအဝေးကို တက်ရောက်နေတဲ့အတွက် ဒီအစည်းအဝေးကို မတက်ရောက်နိုင်ဘူးလို့ သိရပါတယ်။



ဒီအစည်းအဝေးမှာ ဂျပန် သံအမတ်ကြီး၊ တရုတ်နဲ့ ဗြိတိန် ဒုသံအမတ်ကြီးတွေ တက်ရောက်ပြီး မြန်မာနိုင်ငံခရီးစဉ် ဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆွေးနွေးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မစ္စတာ ဂမ်ဘာရီက သတင်းထောက်တွေကို ပြောဆိုဖို့ ငြင်းဆိုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြမလား၊ ဒီမိတ်ဆွေနိုင်ငံများအဖွဲ့ကိုပဲ တင်ပြမလားဆိုတာ မသေချာဘူးလို့ မစ္စတာဂမ်ဘာရီက ပြောတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ်က သူ့အနေနဲ့ မိတ်ဆွေနိုင်ငံများအဖွဲ့နဲ့ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ မြန်မာခရီးစဉ်အပြီး မစ္စတာ ဘန်ကီမွန်းက ပြောဆိုထားပါတယ်။


source by :RFA

0 ယောက်ရဲ့ထင်မြင်ချက်: