ဝက်တုပ်ကွေး ထိန်းချုပ်ရေး နိုင်ငံခြားပြန်များကို စောင့်ကြည့်နေ
ကြည်ဝေ | ရန်ကုန်တိုင်း အတွင်း ၀က်တုပ်ကွေး ရောဂါ (H1N1) ထိန်းချုပ်နိုင်ရေး အတွက် ပြည်ပမှ ပြန်လာ သူများအား မြို့နယ်၊ ရပ်ကွက် အာဏာပိုင်များကို စောင့်ကြည့်ခိုင်းမှုများ ပြုလုပ်နေ ကြောင်း သိရှိရသည်။
မြို့နယ် အသီးသီးမှ ရယကများသည် ရပ်ကွက် တွင်းတွင် ပြည်ပမှ ပြန်လာသူများနှင့် ဖျားနာ၊ နေမကောင်းဖြစ်သူ များစာရင်းကို ကောက်ယူထားရခြင်း၊ ဆေးခန်းများမှ လူနာများစာရင်းကို ကောက်ယူ ထားခြင်းတို့ ပြုလုပ်ပြီး မယကများထံသို့ သတင်းပို့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း တာမွေမြို့နယ် ရယက တဦးထံမှ သိရှိရ သည်။
“ကျနော်တို့က အဓိက နိုင်ငံခြားက ပြန်လာတဲ့ လူနာတွေကို ပိုသတိထား ရတယ်၊ သူတို့ရဲ့ လိပ်စာ ယူထားပြီး ဖျားတာ နာတာ ရှိမရှိ စောင့်ကြည့်ရတယ်၊ ဖျားတယ် ကြားရင် မြို့နယ်ရုံးကိုသတင်းပို့ရတယ်”ဟု ထို ရယက က ပြောသည်။

ပြည်ပမှ ပြန်ရောက်လာ သူများအား လေဆိပ်တွင် စစ်ဆေးပြီး ဖြစ်သော်လည်း၊ ရောဂါပိုး တွေ့ရှိခဲ့သူ ၄ ဦး စလုံးမှာ လေဆိပ် စစ်ဆေးမှုတွင် ရောဂါလက္ခဏာ မပေါ်ခဲ့ဘဲ၊ နေအိမ်ရောက်ပြီး နောက်ပိုင်းမှ ပေါ်လာခဲ့ခြင်းကြောင့် ဖြစ် ကြောင်း သိရှိရသည်။
ရယက များအနေနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများ၏ လိပ်စာများကို မှတ်သားထားကာ၊ ရက် သတ္တပတ် ၂ ပတ်ကြာသည် အထိ စောင့်ကြည့်ကြရကြောင်း၊ နေ့စဉ် ပုံမှန် စောင့်ကြည့်ရန် မလွယ်ကူသည့် အတွက် အနီး တ၀ိုက် တွင် နေထိုင်သူများအား ထိုအိမ်မှ နေမကောင်းဖြစ်သူရှိပါက လာပြီး အကြောင်းကြားပေးရန် မှာထား ရ ကြောင်း၊ အကြောင်း ကြားပါက သွားရောက် စစ်ဆေး မေးမြန်း ရမည် ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်မှ ရယက တဦးက ပြောပြသည်။
“နေ့တိုင်း ဘယ်သွား ကြည့်နိုင်မှာလည်း အဲဒီအိမ်က တယောက်ယောက် ဖျားတာ ရှိမရှိ ၊ ရှိရင် လာအကြောင်းကြားဖို့ ဘေး ပတ်ဝန်းကျင် အိမ်တွေကိုပဲ မှာထားလိုက်တယ်၊ ခုချိန်ထိတော့ ဘယ်သူမှ လာအကြောင်း မကြားကြသေး ပါ ဘူး”ဟု အဆိုပါ ရယက ကပြောသည်။
ရယကများ အနေနှင့် ကျန်းမာရေး အသိပညာ နည်းပါးသူဖြစ်ပါက သာမန် တုပ်ကွေး ဖျားနာ သူများ၊ A(H1N1) ရောဂါပိုး ရှိသူများနှင့် တွေ့ဆုံ မေးမြန်းခြင်း ပြုပါက ရောဂါပိုးကူးစက်နိုင်သော အခြေအနေနှင့် တွေ့ကြုံ နိုင်ကြောင်း မြန်မာနိုင်ငံ အထွေထွေ ရောဂါကု ဆရာဝန် အသင်းမှ တာဝန်ရှိသူတဦးက သုံးသပ်ပြောဆိုသည်။
“ရယကတွေက ကျန်းမာရေး ၀န်ထမ်းတွေလည်း မဟုတ်ဘူး၊ ကျန်းမာရေးမှူးတွေလည်း မဟုတ်ဘူး သူတို့ကို ဒီလို တာဝန်မျိုး ပေးပြီး စောင့်ကြည့်ခိုင်းတာ မသင့်တော်ဘူး၊ တကယ်ပိုးရှိတဲ့သူကို သူတို့ သွားကြည့် မေးမြန်းတယ် ဆိုရင်ပဲ သူတို့မှာ ကူးစက်နိုင်တဲ့ အနေအထား ရှိတယ်” ဟု အထက်ပါ တာဝန်ရှိသူ က ပြောသည်။
မြန်မာနိုင်ငံတွင် ကြက်ခြေနီအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ အရေအတွက်မှာ အလွန်နည်းပါးနေသည်ကို တွေ့ရပြီး၊ လူထု ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရန်အတွက် အင်အားနည်းပါးခြင်း၊ အခွင့်အာဏာ နည်းပါးခြင်း၊ ကျန်းမာရေးဆိုင်ရာ ပညာပေးဟောပြောပွဲပြုလုပ်မည်ဆိုပါက ရယက၊ မယက များမှ တဆင့် တိုင်း အဆင့်ထိ စာတင်ရခြင်း စသည်တို့ကြောင့် အာဏာပိုင်များ အနေနှင့် ယခုကဲ့သို့ မယကများ၊ ရယကများကို စောင့်ကြည့်စေခိုင်းရခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းအယ်ဒီတာ တဦးက ဆိုသည်။
“ကျန်းမာရေးဝန်ထမ်းတို့၊ ကြက်ခြေနီတို့ဆိုတာက တမြို့နယ်လုံးမှာမှ တယောက်လောက်ရှိတာ မရှိတဲ့ မြို့နယ် တွေတောင် ရှိတာပဲ၊ ပြီးတော့ သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့်ဆိုတာ ရှိတာမဟုတ်ဘူး၊ ရယကကို သွားပြီး သတင်းပို့ ရတဲ့ အဆင့်လောက်ပဲ ထားတာ”ဟု ၄င်းက ပြောပြသည်။
ထို့အပြင် သူက ယခင် ရောဂါပိုး တွေ့ရှိသူများ အနေနှင့် လေဆိပ်ရှိ စစ်ဆေးရေး ကိရိယာတွင် မပေါ်ခဲ့ခြင်းမှာ အသေအချာ မစစ်ဆေး ခြင်းကြောင့် လည်းကောင်း၊ စစ်ဆေးရေး ကိရိယာ၏ အားနည်းချက်ကြောင့် သော်လည်း ကောင်း ဖြစ်နိုင်ကြောင်း ၊ ထို့အပြင် ယခုကဲ့သို့ ရယကများအား စောင့်ကြည့် ခိုင်းရုံဖြင့် ကူးစက် ရောဂါပြန့်ပွားမှုကို ကာကွယ် ထိမ်းချုပ်နိုင် လိမ့်မည် မဟုတ်ဟုလည်း သူက ဆိုသည်။
မြန်မာ နိုင်ငံတွင် ၀က်တုပ်ကွေးA(H1N1)ရောဂါပိုး ရှိသူ ၄ ဦးရှိသွားပြီဖြစ်ကြောင်း ၊ ထိုသူများမှာ နိုင်ငံခြားမှ ပြန်ရောက်လာသူများသာ ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာများမှ ထုတ်ပြန် ကြေငြာခဲ့သည်။
source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment