7/23/2009

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူသည့် ဥပဒေ အမေရိကန် အောက်လွှတ်တော်မှ သက်တမ်းတိုး

NEJ | မြန်မာနိုင်ငံမှ သွင်းကုန်များကို ပိတ်ဆို့အရေးယူသည့် ဥပဒေကို နောက်ထပ်တနှစ် သက်တမ်းတိုးရန် အမေရိကန်အောက် လွှတ်တော်က ယမန်နေ့၌ အတည်ပြုလိုက်သည်။

အဆိုပါဥပဒေတွင် မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများ၊ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများအပါအ၀င် တွင်းထွက် ပစ္စည်းများကို အမေရိကန်နိုင်ငံသို့ တင်သွင်းခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက ၂၀၀၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဆိုပါ မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေကို ဆက်လက်၍ အထက်လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်သည်။

အဆိုပါ ဥပဒေသက်တမ်းတိုးရန် အောက်လွှတ်တော်အမတ်များ ကန့်ကွက်သူမရှိအတည်ပြုကြောင်း ထုတ်ပြန်ကြေညာ လိုက်ချိန်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန် အာဆီယံဒေသတွင်းအစည်းအဝေး တက်ရောက်ရန် ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မစ္စစ်ကလင်တန်က ဘန်ကောက်သို့ရောက်ရှိသည်နှင့် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံရေးတိုးမြှင့်လာမှုအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: