ရန်ကုန်မြို့တွင် ဆေးလိပ်ရောင်းအား ကျဆင်းခြင်းမရှိ
NEJ | မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်း တိုးတက် အောင်မြင်နေပြီး ဆေးလိပ်သောက်သုံးမှု လျော့ကျသွားသည်ဟု စစ်အစိုးရ ကျန်းမာရေး ၀န်ကြီးဌာနမှ ကြေညာနေသော်လည်း ရန်ကုန်မြို့တွင် ဆေးလိပ် ရောင်းအား ကျဆင်း မသွားကြောင်း ဆေးလိပ် အရောင်းဆိုင်များက ပြောသည်။
အထူးသဖြင့် ဆေးလိပ် အရောင်းသွက်သည့် ဆိုင်များမှာ ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်များ ဖြစ်ပြီး ယင်းဆိုင်တိုင်းတွင် ဆေးလိပ် အမျိုးစား အမျိုးမျိုး ရောင်းချ လျက်ရှိသည်။
တာမွေရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက “တာမွေက လက်ဖက်ရည်ဆိုင်တွေအားလုံး ဆေးလိပ် မရောင်းတဲ့ ဆိုင်ဆိုတာ မရှိဘူး။ ကျနော်တို့ဆိုင်မှာတော့ စီးကရက် အမျိုးအစားတွေ အများကြီးပဲ။ အရောင်းရဆုံး ကတော့ ရက်ရူဘီ (red ruby) ပေါ့။ အဲဒီ စီးကရက်က တလိပ်ကို (၅၀) ကျပ် ပဲရှိတာလေ။ လန်ဒန် ကတော့ ရောင်းအား ကျမသွားဘူး။ ဒါပေမယ့် ဈေးမြင့်တယ်။ စားသောက် ဆိုင်ကြီးတွေမှာ ဆိုရင်တော့ ရောင်းအား ကောင်းတယ်ဗျာ” ဟု ပြောသည်။
ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင် အများစုတွင် ရောင်းအား အကောင်းဆုံး စီးကရက်မှာ ရက်ရူဘီစီးကရက်ဖြစ်ပြီး လူတန်းစာမရွေး သောက်နိုင်သော ဈေးနှုန်းကြောင့် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များတွင် ရောင်းချလျက်ရှိသည်။

သိမ်ကြီးဈေး ဒီရုံတွင် မြန်မာတနိုင်ငံလုံးသို့ စီးကရက် ဖြန့်ဖြူးရောင်းချနေသည့် အရောင်းဒိုင်တခုမှ တာဝန်ခံတဦးက အများဆုံး ဖြန့်ချိ ရောင်းချရသော ပြည်နယ်နှင့် တိုင်းများမှာ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ် တို့ ဖြစ်သည်ဟု ပြောသည်။
၎င်းက “စီးကရက် ကတော့ အရောင်းထိုင်း တယ်ဆိုတာ မရှိဘူး။ ဘယ်လိုလူမျိုးတွေ အသောက်များတယ် ဆိုတာတော့ မသိဘူး။ ကျနော့်ဆိုင်မှာ တနေ့တနေ့ စီးကရက်လာဝယ်တဲ့သူတွေ အများကြီး။ ရန်ကုန်က လက်ဖက်ရည်ဆိုင် ဖောက်သည်တွေ၊ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ တည်းခိုခန်းတွေက အမြဲလာဝယ်လေ့ ရှိတယ်။ သောက်သူတွေ ရှိနေလို့ ရောင်းနေရတာပဲလေ” ဟု ပြောသည်။
အဆိုပါ အရောင်းဆိုင်တွင် စီးကရက်အမျိုးပေါင်း (၅၀) ကျော်ရှိကာ ဈေးအမြင့်ဆုံးမှာ မာဘိုရို စီးကရက်ဖြစ်ပြီး ရန်ကုန်တွင် ဖောက်သည်ဈေး တတောင့်လျှင် (၁၈,၃၀၀) ကျပ်ဝန်းကျင်ရှိကြောင်း၊ ရန်ကုန်ပရိသတ်ကြိုက် စီးကရက်များမှာ လန်ဒန်၊ ရက်ရူဘီ၊ ဗီးဂက်စ်၊ ဗွီအနီတို့ဖြစ်ပြီး ရက်ရူဘီနှင့် ဗီးဂက်စ် တတောင့်လျှင် (၄,၈၀၀) ကျပ် ၀န်းကျင်၊ ဗွီအနီတတောင့်လျှင် (၄,၃၀၀) ကျပ်ဝန်းကျင် အသီးသီးရှိကြောင်း သိရသည်။
နအဖက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးထိန်းချုပ်ဥပဒေကို ၂၀၀၆ ခု မေလ (၄) ရက်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၇ ခု မေလ (၄) ရက်တွင် ယင်းအာဏာ စတင်တည်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
အာဏာတည်သည့်နေ့မှစ၍ ရန်ကုန်မြို့ရှိ မည်သည့်နေရာတွင်ဖြစ်စေ ဆေးလိပ်ကြော်ငြာခြင်းများကို ခွင့်မပြုတော့ကြောင်း ရန်ကုန်စည်ပင်က သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်စည်ပင် နယ်နိမိတ် အတွင်းတွင် ဆေးလိပ်နှင့် ပတ်သက်သော ကြော်ငြာများ လုံးဝ မကြော်ငြာရသည့် အပြင် လက်ကမ်း ကြော်ငြာ ပေးဝေခြင်း၊ တနည်းနည်းဖြင့် ကြော်ငြာခြင်း တို့ကိုလည်း အဆိုပါ ဥပဒေအရ အရေး ယူမည်ဟု ပါရှိသည်။
ဆိုင်းဘုတ်နှင့် ကြော်ငြာများကို အရေးယူမည်ဟု ပြောသော်လည်း စီးကရက် ကုမ္ပဏီများက ရန်ကုန် ဈေးကွက် အတွင်းတွင် အမျိုးသား အမျိုးသမီးငယ်များကို တူညီဝတ်စုံများ ၀တ်ဆင်စေပြီး မားကက်တင်း ဆင်းကာ စီးကရက် ရောင်းအား မြှင့်တင်မှုများ လုပ်နေကြောင်း မြို့ခံများက ပြောသည်။
ရန်ကုန်မြို့၊ တာမွေမြို့နယ်မှ ကျောင်းဆရာ တဦးကမူ ဆေးလိပ်သောက် သူများတွင် ဆယ်ကျော်သက် အရွယ်ကျောင်းသား အများအပြား ပါဝင်နေသဖြင့် အစိုးရအနေဖြင့် ဆေးလိပ်သောက်သုံးမှုအန္တရာယ် လျော့ပါးရေး အတွက် လက်တွေ့ကျကျ ကျန်းမာရေး ပညာပေးမှုများကို ကျောင်းများနှင့် ပြည်သူ လူထုကြားမှာပါ ကျယ်ကျယ် ပြန့်ပြန့် ပိုမို လုပ်ဆောင် သင့်သည်ဟု ပြောသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment