မြန်မာစစ်အစိုးရကိုအရေးယူသည့် ဥပဒေသက်တမ်းတိုးမြှင့်ရေး အမေရိကန်လွှတ်တော် အတည်ပြု
RFA
မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး ဥပဒေဖြစ်တဲ့ မြန်မာနိုင်ငံလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေး အက်ဥပဒေကို နောက်ထပ်သုံးနှစ် သက်တမ်းတိုးမြှင့်ဖို့ အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်က မနေ့က အတည်ပြုလိုက်ပါတယ်။

ဥပဒေ သက်တမ်းတိုးမြှင့်ဖို့ အဆိုကို အမေရိကန်အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အတည်ပြုခဲ့ပြီးနောက် အထက်လွှတ်တော်က အတည်ပြုဖို့အတွက် လွှတ်တော်အမတ် Mitch McConnell နဲ့ Dianne Feinstein တို့က ဦးဆောင်တင်သွင်းခဲ့တာဖြစ်ပါတယ်။
၂ဝဝ၃ ခုနှစ်က စတင်ခဲ့တဲ့ ဒီဥပဒေဟာ မနက်ဖြန် ဇူလိုင်လ ၂၆ ရက်နေ့မှာ သုံးနှစ်သက်တမ်း ကုန်ဆုံးတော့မှာပါ။ အခု လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုပြီးသွားပြီဖြစ်တဲ့အတွက် ဥပဒေသက်တမ်း နောက်ထပ်တိုးမြှင့်ဖို့ အမေရိကန်သမ္မတ Barack Obama က လက်မှတ်ရေးထိုးရမယ့် နောက်ဆုံးအဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ဒီဥပဒေအရ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကျောက်မျက်ရတနာတွေနဲ့ တခြားကုန်ပစ္စည်းတွေ အမေရိကန်ပြည်ထောင်စုကို တင်သွင်းခွင့် ပိတ်ပင်ထားပါတယ်။ ဒါ့ပြင် မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို ထောက်ခံကူညီရေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရေး အပါအဝင် တခြား လုပ်ပိုင်ခွင့်တွေ ပြဋ္ဌာန်းထားပါတယ်။
အထက်လွှတ်တော်အမတ် Mitch McConnell က မနေ့က ကြေညာချက်ထုတ်ပြန်ရာမှာ ဒဏ်ခတ် ပိတ်ဆို့မှု ဘယ်လောက်ထိရောက်တယ်ဆိုတာ တချို့က စောဒကတက်နေကြပေမယ့် အခု ဆုံးဖြတ်ချက်ကို ကြည့်မယ်ဆိုရင် အဲ့ဒီပိတ်ဆို့မှု မူဝါဒကို ပြောင်းလဲဖို့ မလိုသေးဘူးလို့ မိမိတို့ အမေရိကန်လွှတ်တော်က ယူဆတယ်ဆိုတာကို ထင်ထင်ရှားရှား ပြသလိုက်တာဖြစ်ကြောင်း၊ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်အပေါ် အကောက်ဥာဏ်ဆင်ပြီး တရားစွဲဆိုထားတာကို ကြည့်ရင် မြန်မာစစ်အစိုးရအပေါ် ဆက်လက် ဒဏ်ခတ်အရေးယူဖို့ လိုအပ်နေတယ်ဆိုတာကို တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။
အခုလို အရေးမယူရင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ ကြိုးစားနေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ခွင့်ပြုလိုက်သလို ဖြစ်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ၁၃ နှစ်လုံးလုံး အကျဉ်းချထားတဲ့အပေါ်မှာရော၊ နိုင်ငံရေးအကျဉ်းသား အမြောက်အမြား ဖမ်းဆီး ထောင်ချထားတာကိုပါ လစ်လျူရှုထားရာရောက်မယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် လုပ်ဆောင်မလာမချင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက်ထားရှိသင့်တယ်လို့ မိမိတို့ ယူဆကြောင်း Mitch McConnell က ပြောပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရအကြား ညူကလီးယားဆက်နွယ်မှု သတင်းတွေလည်း ထွက်ပေါ်နေတဲ့အတွက် မြန်မာစစ်အစိုးရအပေါ် မိမိတို့ရဲ့ သဘောထားကို လူသားချင်းစာနာ ထောက်ထားတဲ့ ရှုထောင့်တင်မက အမျိုးသားလုံခြုံရေးရှုထောင့်ကပါ ထည့်သွင်းစဉ်းစားနေရပြီ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုလို ဥပဒေသက်တမ်းတိုးမြှင့်ဖို့ အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်တာကို AAFA လို့ခေါ်တဲ့ အမေရိကန်နိုင်ငံ ဖိနပ်နဲ့ အဝတ်အစား ထုတ်လုပ်သူများအသင်းက ကြိုဆိုလိုက်ပါတယ်။ AAFA ဟာ မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေ အားလုံးကို ပိတ်ပင်ဖို့ ၂ဝဝ၃ ခုနှစ်က ပထမဆုံး တောင်းဆိုခဲ့တဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့ ဖြစ်ပါတယ်။

source by :RFA
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment