7/28/2009

မြန်မာအစိုးရ တောင်းဆိုမှုကြောင့် ထိုင်းဝန်ကြီးချုပ်ခရီးစဉ် ရွှေ့ဆိုင်း

NEJ | ထိုင်းဝန်ကြီးချုပ် အဖိဆစ် ၀စ်ချာချီဝ၏ သောကြာနေ့ မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို မြန်မာ စစ်အစိုးရ၏ မေတ္တာရပ်ခံချက်အရ ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းအစိုးရက ယနေ့ ထုတ်ပြန်ပြောကြားသည်။

ထိုသို့ ရက်ရွှေ့ဆိုင်း ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ အမှု စီရင်ချက်ချတော့မည် ဖြစ်သောကြောင့်ဟု အကြောင်းပြကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် အရေးကြီးသည့် ကိစ္စ လုပ်ဆောင်ရန် ရှိသည့် အတွက် ယင်းသို့ ရက်ရွှေ့ဆိုင်းရန် တောင်းဆိုခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရသူ ပင်နစ်တန် ၀တ်ထနာရာဂွန်က သတင်းထောက်များကို ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်သည် လာမည့်သြဂုတ်လ တတိယပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်နိုင်သည်ဟုလည်း သတင်းတွင် ဖော်ပြသည်။

မစ္စတာအဖိဆစ်သည် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုကိစ္စများ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ (၁) ရက်ကြာ ခရီးသွားရောက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်အင်္ဂါနေ့တွင် ထိုင်းအစိုးရက ကြေညာခဲ့သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: