7/29/2009

ကိုးဦးမြောက် ဝက်တုပ်ကွေး ကူးစက်သူ မြန်မာနိုင်ငံမှာတွေ့ရှိ



မြန်မာနိုင်ငံမှာ A-H1N1 အမျိုးအစား ဝက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားနေသူ ၉ ဦး ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတွေက RFA ကို ဒီကနေ့ ဇူလိုင် ၂၈ရက်မှာ အတည်ပြု ပြောကြားပါတယ်။


မြန်မာပြည်တွင် ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားသော သတင်း ထွက်ပေါ်လာပြီးနောက် ဇွန်လ ၃ဝရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ကျောင်းတခုတွင် နှာခေါင်းစည်း အကာအကွယ် တပ်ဆင်ထားသော ကျောင်းသားနှင့် မိဘအချို့ကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

နောက်ဆုံး ရောဂါ ဖြစ်ပွားနေသူ ၂ ဦးဟာ အိန္ဒိယနဲ့ မလေးရှားနိုင်ငံတွေကနေ လေကြောင်း ခရီးနဲ့ ပြန်လည်ရောက်ရှိ လာသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စောလွင်က ပြောပါတယ်။

ဒေါက်တာ စောလွင်။ ။ 'အားလုံး ၉ ယောက်ပါ။ သူတို့ ဒီ ခရီးက ပြန်လာပြီးတော့ပေါ့၊ တယောက်ကတော့ အိန္ဒိယမှာ တလနေပြီးတော့ ပြန်လာခဲ့တဲ့ ဟာပါခင်ဗျ။ နောက်တယောက်ကတော့ မလေးရှားက ပြန်လာတာပါခင်ဗျ။ လေကြောင်းနဲ့ ပါပဲခင်ဗျာ။'



မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားသူ ၉ ဦးထဲက ၃ ဦး ဆေးရုံက ဆင်းသွားပြီဖြစ်ကြောင်း၊ ကျန်လူနာ ၆ ဦး ကိုတော့ အထူးကြပ်မတ် ကုသပေးနေပြီး၊ သူတို့ရဲ့အခြေအနေ အထူးကောင်းမွန်ကြောင်း ဒေါက်တာ စောလွင်က ပြောပါတယ်။ ဒါ့ပြင် ရောဂါကူးစက်ခံထားသူနဲ့ ထိတွေ့မိသူတွေ၊ လူနာရဲ့ မိသားစုတွေကိုလည်း ရောဂါကူးစက်ခံရမှုရှိ၊ မရှိ စောင့်ကြပ်လေ့လာမှုတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး ဝက်တုပ်ကွေး ကူးစက်ခံထားရတဲ့ လူနာအဖြစ် စင်ကာပူနိုင်ငံက လေကြောင်းခရီးနဲ့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ်တဦးမှာ ရောဂါပိုး တွေ့ရှိရကြောင်း ဇွန်လ ၂၇ ရက်နေ့က ဖော်ထုတ်နိုင်ခဲ့ပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလက စလို့ လေဆိပ်၊ သင်္ဘောဆိပ်နဲ့ နယ်စပ်ဝင်ပေါက်တွေကနေ ပြန်လာသူ ၂ သန်းလောက်ကို ရောဂါစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး၊ လောလောဆယ်အထိတော့ မြန်မာနိုင်ငံတွင်းမှာ လူထုကြား ရောဂါကူးစက် ပျံ့နှံ့မရှိသေးဘူးလို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ဝက်တုပ်ကွေးရောဂါ လက်ရှိဖြစ်ပွားမှု အခြေအနေတွေ၊ ဆက်လက်ဖြစ်ပွားနိုင်တဲ့ အလားအလာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စောလွင်ကို RFA မှ ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။

source by :RFA

0 ယောက်ရဲ့ထင်မြင်ချက်: