7/16/2009

မြန်မာကို ကမ္ဘာက စောင့်ကြည့်နေကြောင်း ကုလအတွင်းရေးမှူးချုပ်သတိပေး


RFA

မြန်မာနိုင်ငံကို ကမ္ဘာကြီးက စောင့်ကြည့်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Ban Ki-moon က ဇူလိုင် ၁၃ရက် မနေ့က သတိပေးလိုက်ပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အားလုံးပါဝင်တဲ့အပြင်လွတ်လပ်ပြီး တရားမျှတပါစေမယ်လို့ ကတိကဝတ် ပေးထားတဲ့အတိုင်း မြန်မာစစ်အစိုးရက လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး အစီရင်ခံရာမှာ Mr. Ban Ki-moon က ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း။ (Photo: AFP)
မြန်မာစစ်အစိုးရဟာ သူတို့နိုင်ငံ အကျိုးအရှိဆုံးကို ဆောင်ရွက်ဖို့ ရွေးချယ်မလား မရွေးချယ်ဘူးလားဆိုတာ ခုဆိုရင် ကမ္ဘာကြီးက နီးနီးကပ်ကပ် စောင့်ကြည့်နေပြီလို့ Mr. Ban Ki-moon က ပြောသွားတာပါ။

မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ မျှော်မှန်းချက်တွေနဲ့ မိမိတို့ စိုးရိမ်ပူပန်မှုတွေကို လစ်လျူရှု မရှု ဆိုတာကိုလည်း ကမ္ဘာကြီးက စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်၊

နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချက်ချင်း ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ လူ့အခွင့်အရေး လေးစားလိုက်နာမှုအပေါ် အခြေခံရမယ်လို့လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် က ပြောပါတယ်။


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို မြန်မာနိုင်ငံခရီးစဉ်အကြောင်း ရှင်းလင်းပြီးတဲ့နောက် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ Mr. Ban Ki-moon က မြန်မာအစိုးရဟာ လူမှုရေးအခြေခံပြီး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စီစဉ်နေပါတယ်။ ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ ရှုမြင်ချက်နဲ့ စီစဉ်တာပါ။ ဒါဟာ အားတက်စရာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကျွန်တော်တင်ပြခဲ့တဲ့ ကိစ္စတွေကို သူတို့ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ရပါမယ်လို့ ပြောသွားတာပါ။

မနေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လုံခြုံရေးကောင်စီကို အစီရင်ခံတင်ပြပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက Mr. Ban Ki-moon ရဲ့ တောင်းဆိုချက်အရ မြန်မာစစ်အစိုးရက အကျဉ်းသားတွေကို လူသားချင်း စာနာထောက်ထားမှု အခြေခံအပြင် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်နိုင်အောင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒီလို ပြောကြားသွားတဲ့အပေါ် နိုင်ငံအတော်များများကတော့ အလုပ်နဲ့လက်တွေ့ လုပ်ပြဖို့ လိုတယ်လို့ သုံးသပ်ကြတဲ့အကြောင်း ဒီပွဲကို တက်ရောက်ခဲ့တဲ့ အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းက အခုလို ပြောပြပါတယ်။

ဒေါက်တာ သောင်းထွန်း။ ။ 'ဂဏန်းတွေကို အကြီးကြီးဖြစ်အောင် လွှတ်ပြီးတော့ တကယ်တမ်းကျတော့ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးပေါ့နော်။ ဆိုတော့ နိုင်ငံ တော်တော်များများက အပြောနဲ့ အလုပ်နဲ့ ညီအောင်လုပ်ဖို့ ဆိုပြီးတော့ သုံးသပ်ချက်တွေ ပေးသွားတာလည်း ကျွန်တော်တို့ တွေ့ရတယ်။ ပြီးခဲ့တဲ့တုန်းက ကိုးထောင်တို့ ဘာတို့ လွှတ်တာမှာ နိုင်ငံရေးအကျဉ်းသား တဒါဇင်တောင် မပြည့်ချင်ဘူး၊ ဒါကြောင့်မို့ နိုင်ငံတချို့က နအဖအနေနဲ့ ဒီ အပြောနဲ့ အလုပ်နဲ့ ညီအောင်လုပ်ပါဆိုတဲ့ စကားတွေပေါ့နော်၊ မြန်မာနိုင်ငံခြားရေး ပေါ်လစီရဲ့ အခြေခံက ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ရေးလို့ တဖက်မှာတော့ ပြောနေတယ်။ တဖက်ကကျတော့လည်း ကုလသမဂ္ဂက အကြံပြုတာတွေ တခုမှ မလုပ်ဖူးပေါ့နော်။'

Mr. Ban Ki-moon ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ အများစုက မြန်မာစစ်အစိုးရကို ဝေဖန်ပေမဲ့ တရုတ်နိုင်ငံကတော့ ခုခံကာကွယ်သွားပါတယ်။

မြန်မာနိုင်ငံတွင်းက အဖြစ်အပျက်တွေဟာ ပြည်တွင်းရေးကိစ္စတွေ ဖြစ်လို့ အစိုးရကိုယ်တိုင်နဲ့ ပြည်သူတွေကပဲ ကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ အခြေအနေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ဖြစ်ဖြစ် လုံခြုံရေးကို ဖြစ်ဖြစ် ထိပါးတာ မရှိပါဘူးလို့ တရုတ်နိုင်ငံ ကိုယ်စားလှယ်က ပြောပါတယ်။ မြန်မာနိုင်ငံကို အထီးကျန် ထားရှိဖို့နဲ့ အရေးယူ ပိတ်ဆို့ဖို့ အစီအစဉ်တွေကို တရုတ်နိုင်ငံက ဆက်လက် ဆန့်ကျင်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ တူရကီနိုင်ငံ ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ အင်မတန် အရေးကြီးတယ်လို့ တူရကီက ပြောလိုပါတယ်။ ဒါကြောင့်မို့ ဒါကို ဦးတည် ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်ကို ထောက်ခံပါတယ်လို့ ပြောကြားသွားပါတယ်။

မြန်မာစစ်အစိုးရရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို နှစ်ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ဇူလိုင် ၁၃ရက် မနေ့က ရှင်းလင်း ပြောကြားခဲ့တဲ့အကြောင်း အပြည့်အစုံကို RFA မှ ဦးသိန်းအောင်နဲ့ ဒေါ်နန်းခမ်းထွေးတို့က ကောက်နုတ် တင်ပြထားပါတယ်။
ကောက်နုတ်တင်ပြချက်။
အသံဖိုင်နားဆင်ရန်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဇူလိုင်လ ၃ရက်နဲ့ ၄ ရက်က လာရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဇူလိုင် ၁၃ ရက်မှာ အစီရင်ခံတင်ပြတဲ့ပွဲကို တက်ရောက် နားထောင်ခဲ့တဲ့ အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်းကို RFA မှ ဒေါ်စမ်းစမ်းတင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်နားဆင်ရန်


source by :RFA

0 ယောက်ရဲ့ထင်မြင်ချက်: