အင်းစိန်ထောင်ရှေ့ လုံခြုံရေးလျော့ချ
ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်စုအမှု အတွက် သူ၏ရှေ့နေများက အစိုးရရှေ့နေ၏ လျှောက်လဲချက်များကို ပြန်လည် ရှင်းလင်း ချေပသည့် ယနေ့တွင် အင်းစိန်ထောင်ရှေ့ လုံခြုံရေးများ ယမန်နေ့ထက် လျော့နည်း သွားသည်။
“လုံခြုံရေး လျော့သွားတယ်။ ဒိုင်နာကားတွေ မရှိဘူး ဖြစ်နေတယ်။ မီးသတ်မှာက ကား ၂ စီးပဲ ရှိတယ်။ အန်ကယ်တို့ လူအုပ်ကြားမှာရှိတဲ့ တဖက်ဘေးကပေါ့နော်။ လုံထိန်းတွေ ၁၅ ယောက် ၂ဝ လောက်ပဲ ရှိတယ်” ဟု ထောင်ရှေ့ရောက်ရှိသူ ရှေ့နေ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။
ယမန်နေ့က အင်းစိန်လမ်းမ ကုန်းတံတားအဆင်းတွင် လုံထိန်းရဲများက ဒိုင်နာကား အပါအဝင် အနည်းဆုံး ကား ၆ စီးဖြင့် လုံခြုံရေး စောင့်ကြပ်ခဲ့သည်။ ထို့အပြင် ကုန်းတံတားထိပ်၌ ရဲ ၇ ဦးခန့် ရပ်စောင့်နေခဲ့ရာ ယနေ့တွင်မူ အဆိုပါ ရဲများ ရပ်စောင့်ခြင်း မရှိတော့ပေ။

ဦးခင်မောင်ရှိန်က “ကုန်းတံတားထိပ် အဝင်ပေါက်မှာတော့ ခါတိုင်းလိုပဲ အဝင်အထွက် စောင့်နေတာတော့ ရှိတယ်။ အဲဒီအဝင်ပေါက်နားမှာ လုံထိန်းကားတွေ ရှိတယ်။ ဒီနေ့ မရှိဘူး။ ဈေးနဲ့ကပ်ရက် မီးသတ်မှာက အချုပ်ကား ၂ စီး ရှိတယ်။ ဒါကလွဲလို့ ကျန်တာ မရှိဘူး” ဟု ပြောသည်။
လုံခြုံရေးများ လျော့နည်းသွားရသည့် အကြောင်းအရင်းကို သူက “မိုးလည်း ရွာနေတယ်လေ။ လျော့လိုက် တင်းလိုက် ကစားနေတယ်လို့ ထင်တာပဲ။ သူတို့ ဘယ်နေရာတွေမှာ ထည့်ထားလဲတော့ မသိဘူး။ ကားတွေကလည်း မရှိဘူးလေ။ လမ်းပေါ်မှာ သံဆူးကြိုးတွေတော့ ရှိတယ်” ဟု ခန့်မှန်းပြောသည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက အစိုးရရှေ့နေ၏ လျှောက်လဲချက်များနှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းချေပသည်။
မစ္စတာယက်တော ရင်ဆိုင်နေရသည့် စည်ပင်ယာသာဥပဒေနှင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေတို့ဖြင့် စွဲချက်တင်ထားမှုအတွက် ၎င်း၏ ရှေ့နေကလည်း လျှောက်လဲချက် တင်ပြသည်။
ယနေ့နံနက် ၁ဝ နာရီကျော်တွင် အင်းစိန်မြို့နယ်မှ အန်အယ်ဒီ လူငယ် မအုန်းလှဆိုသူသည် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပါ တီရှပ် ဝတ်ဆင်ခဲ့သဖြင့် ရဲများက ခတ္တ ဖမ်းဆီးသွားရာမှ ၁၂ နာရီချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အမှုကို လာမည့် သောကြာနေ့တွင် စီရင်ချက်ချမှာ ဖြစ်ပြီး အဆိုးဆုံးကို ပြင်ဆင်ထားကြောင်း သူမက ရှေ့နေ ဦးဉာဏ်ဝင်းမှ တဆင့် ပြောကြားလိုက်သည်။
source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment