7/28/2009

ငွေစက္ကူအဟောင်းများ အသစ်နှင့် လဲပေးတော့မည်

မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်သူများအကြား လှည့်လည် သုံးစွဲနေသော ဟောင်းနွမ်းနေသည့် ငွေစက္ကူများကို မြန်မာ့စီးပွားရေးဘဏ်များ၌ ငွေစက္ကူအသစ်များဖြင့် လဲလှယ်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲက ကြေညာလိုက်သည်။

“သတ်မှတ်ချက်များနှင့် ပြည့်စုံသော” ငွေစက္ကူများဖြစ်ပါက ရန်ကုန်မြို့ အမှတ် ၁၉၈/ ၁၉၉ ဗိုလ်ဆွန်ပက်လမ်း နှင့် ကမ်းနားလမ်း ထောင့်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဌာနခွဲ ငွေစက္ကူ လဲလှယ်ရေး ကောင်တာနှင့် မြန်မာ့ စီးပွားရေးဘဏ် လက်ခွဲ အသီးသီးတွင် လက်ခံ လဲလှယ်ပေးလျက်ရှိကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

သို့သော် မည်သည့် သတ်မှတ်ချက်များနှင့် ပြည့်စုံ ရမည်ကိုမူ သတင်း အတွင်း၌ ရှင်းလင်း ဖော်ပြထားခြင်း မရှိပေ။

လာမည့်လ ၃ ရက်နေ့မှ စတင်၍ အဆိုပါနေရာများ၌ပင် ငွေစက္ကူ ၁ဝ ကျပ်တန်မှ ကျပ် ၂ဝဝ တန်အထိကို တန်ဘိုးတူချင်း အဟောင်းနှင့် အသစ် လဲပေးရန် စီစဉ်ထားသည်ဟုလည်း ဖတ်ရှုရသည်။

ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီများနှင့် မြိုကတော်စည်ပင်သာယာရေးကော်မတီများ၏ ဈေးဌာနများသို့လည်း “တန်ဘိုးငယ်” ငွေစက္ကူ ကို အပတ်စဉ် တိုက်ရိုက် ဖြန့်ဖြူးပေးလျက် ရှိသည်ဟုလည်း ယနေ့ မြန်မာ့အလင်းက ရေးသားသည်။

မြန်မာနိုင်ငံတွင် ငွေစက္ကူ ရှားပါးသည့် ပြဿနာနှင့် ရင်ဆိုင်နေရပြီး ရောင်းဝယ်ခြင်း၊ ဈေးသုံးခြင်းတို့၌ ငွေပြန် မအမ်းနိုင်သဖြင့် သကြားလုံး၊ ဆေးလိတ်နှင့် ချိုချင်ထုတ်များဖြင့်သာ ကြားခံသုံးနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။

ထို့အပြင် ယင်း ငွေစက္ကူအဟောင်းများကို သုံးစွဲသူများအနေဖြင့်လည်း ကျန်းမာရေး ထိခိုက်နိုင်မည်ဟု သံသယရှိနေကြသည်။

ပြီးခဲ့သည့် လဆန်းပိုင်းကလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဈေးများ ဌာနတို့ ပူးပေါင်းကာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ ဈေးကြီး(၁၆၈)ဈေးနှင့် အခွန်လွတ်ဈေး (၁၁) ဈေးတို့ရှိ ဈေးသည်များကို တစ်ပတ်တစ်ကြိမ် ငွေအကြွေများ လဲလှယ်ပေးနေခဲ့ကြောင်း ပြည်တွင်းထုတ် သတင်းထုတ် ဂျာနယ်များက ဖော်ပြခဲ့ကြသည်။

source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်: