7/19/2009

**** ၆၂-နှစ်မြောက် အာဇာနည်နေ့ ဂုဏ်ပြုအစီအစဉ် ****




..................... xxxxxxxxxxxxxxxxxx.............................xxxxxxxxxxxxxx..................


မဟောင်းနိုင်သော“ဇူလိုင် ၁၉”

မိုးကောင်းကင် တစ်ပြင်လုံး ညှို့မှိုင်းအုံ့ဆိုင်း နေပါသည်..။မိုးသား.၊မိုးရိပ် တို့ကြောင့် ပတ်ဝန်းကျင်တစ်ခွင် လုံးမကြည်မလင် ဖြစ်နေပါသည်..။ မုတ်သုန်လေ နှင့်အတူ ဇူလိုင် မုတ်သုန်မိုးသည် ဖွဲဖွဲလေး ကျလျှက် ၊တစ်ခါတစ်ခါမှာလည်း..သည်းကြီးမည်းကြီး ရွာသွန်းနေပြန်ပါရော..ဇူလိုင်မုတ်သုန် လေနှင့်အတူ ကျွန်မ၏ အတွေးတို့သည်လည်း ရွက်လွှင့်လိုက်ပါ စီးမျော နေပါတော့သည်..။
ငယ်စဉ်တောင်ကြေး ကလေးဘ၀တွင် ဒီလို အချိန် ဒီလိုနေ့မျိုးမှာ မေမေပြောပြခဲ့သော အာဇာနည်သူရဲကောင်းကြီးတို့ အကြောင်းကို အတွေးနဲ့ချဲ့ ကောင်းနေတုန်း လေနှင့်အတူ ကဗျာလေး တစ်ပုဒ် လွင့်ပါလာပါတယ်..။
ကလေးငယ် တစ်ယောက်ရဲ့ ကဗျာရွတ်သံကလေးပါ….။
ဖေဖေါ်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့ နေ ဦးဖသား…
ဇာတိ၊နတ်မောက်၊မကွေးခရိုင်
သိကြားအများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား မိခင်ဒေါ်စုသား
၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင် ၁၉
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါ့တို့မမေ့အား

ကဗျာလေးကိုနားထောင်လို့ ပြီးသွားတော့ ပြက္ခဒိန် ကြည့်မိတော့ ဒီနေ့ဇူလိုင် ၁၉ ရက်နေ့ကို တစ်ကြော့ ပြန်ရောက် လာပြန်ပါလား လို့တွေးမိပါတယ်..။ အခုဆိုရင် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသွားတာ ၆၂ တောင်ရှိခဲ့ပါလား လို့တွေးလိုက်မိတယ်..။ငယ်ငယ်တုန်းက ကျောင်းစာ မှာ သင်ခဲ့ရတဲ့ မြန်မာတို့ မိုးနဲ့အပြိုင် မျက်ရည်ပြိုင် ခဲ့တဲ့ ဇူလိုင် ၁၉ ပါ…။အဲ့ဒီနေ့ ရောက်တိုင်း အိမ်တိုင်းလိုလို မြန်မာနိုင်ငံတော် အလံကို တိုင်တစ်ဝက်ထိ လွှင့်ထူထားကြ ကါ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ ကို ဂုဏ်ပြုခဲ့ာတာ အစဉ် အလာ တစ်ခုလို ဖြစ်နေခဲ့ပါပြီ…။ ခုတော့.............။

မြန်မာ့သတင်း မကြည့်ဖြစ်တဲ့ ကျွန်မအဖို့တော့ ဒီည(၈း၀၀) သတင်း ကို စောင့်မျှော် ကြည့်ဖြစ်ခဲ့ ရပါတယ်..။ အာဇာနည်နေ့ နဲ့ ပတ် သတ်လို့ ကျွန်မတို့ နိုင်ငံက အကြီးအကဲတွေ ဘာတွေလုပ်မလည်း၊ ဘယ်လို အစီအစဉ်
တွေ ထူးထူးခြားခြား ရှိတယ်ဆိုတာ သိချင်လို့ပါ။ အချိန်သာ ကုန်ဆုံးသွားပါတယ် ဘာမှကို ကျွန်မ မတွေ့လိုက်ရ မကြည့်လိုက်ရပါဘူး။ လာနေကြ ကိုရီးယားကား နဲ့ တနေ့တနေ့မရိုးနိုင်တဲ့ သတင်းတွေကလွဲလို့ပေါ့ရှင်။
သိတတ်စ အရွယ်ကတည်း ကပေါ့…။မေမေ ကပြေပြဘူးခဲ့တဲ့ လွန်ခဲ့တဲ့ ၁၄ နှစ် ကျော်ကအကြောင်း ကိုလည်း ပြန်စဉ်းစားမိပါတယ်…….။ မေမေက....….
ကျေးဇူးပြု၍ ဆက်ဖတ်ပါရန်....

“သမီး…အရင်ကဆို ဇူလိုင် ၁၉ ကိုရောက်လာကြတာနဲ့ အိမ်တိုင်းလိုလို အလံတွေကို တစ်ဝက်တိတိ လွှင့်ထူထားကြတယ် ပြီးတော့ အာဇာနည်းခါင်းဆောင်ကြီးတွေ ကျဆုံးသွားတဲ့ အချိန် ၁၀ နာရီ နဲ့ ၃၇ မိနစ် ကိုရောက်တာ နဲ့ မြန်မာတစ်နိုင်ငံ လုံးမှာ ဥသြ သံအရှည်ကြီး ပေါ်ထွက်လာတတ်တယ်…အဲ့ဒီ ဥသြသံ ပေါ်လာတာနဲ့ လူတိုင်း လူတိုင်း ဟာ မိမိတို့ တည်ရှိနေရာ ကနေ ၁၀ မိနစ်ခန့် ငြိမ်သက်ပြီး အာဇာနည်ခေါင်းဆောင် ကြီးများကို ဂုဏ်ပြုကြတယ်…နောက်ပြီး မြန်မာ့အသံကနေ တစ်ဆင့် အဆိုတော် မေလမြိုင် ရဲ့ ဂုဏ်ပြု တေးသီချင်းကို လည်း အမြဲလိုလို ထုတ်လွှင့် ပြသခဲ့တယ်..အခုတော့လည်း ဒါတွေ ပျောက်ဆုံး နေတာ သမီးတစ်သက် ရှိတော့မှာပေါ့…….” တဲ့…။

အခုဆို ကျွန်မ အသက် ၁၉ နှစ်တင်းတင်း ရှိနေပါပြီ….မေမေ ပြောသလိုမျိုး ခုထက်တိုင် တစ်ကြိမ်တစ်ခါမျှ မကြုံဘူးသေးပါဘူးး..။ဒါတွေ ဘာလို့ ပျောက်ကွယ် ကုန်လည်း ကျွန်မတွေးကြည့် မိပါတယ်…။

“သေသောသူ ကြာရင်မေ့ “ ဆိုတဲ့စကားလိုဘဲ အားလုံး မေ့လိုက်ကြတော့မှာလား..?
ဒါမှမဟုတ် ဦးဆောင်ဦးရွက် ပြုလုပ် နိုင်မယ့်သူ မရှိတာလား..ရှိခွင့်မရတာလား…....? ဒီနေ့လေးနဲ့ ပက်သက်ပြီးတော့ဘဲ အထူးတလည်မေ့ ပစ်ချင်လိုက် ကြတာလား …?
ဆိုတာ မစဉ်းစား တတ်အောင်ပါပဲ….။

“ သေသောသူ ကြာရင်မေ့” ဆိုတဲ့ စကားနဲ့ အညီ လူတွေ အားလုံး ဒီနေ့လေးကို မေ့ပစ်လိုက်ကြမှာ စိုးရိမ်နေ မိပါတယ်..။

သမိုင်းဆိုတာ ဖျောက်ဖျက်လို့ရကောင်းတဲ့ အရာမဟုတ်ပါဘူး။အစား ထိုးလို့ လည်း ဘယ်နည်းနဲ့ ရနိုင်မှာ လည်းရှင်။ခုတော့ သမိုင်းတွင်ခဲ့တဲ့ အဖြစ်အပျက်တွေကို နောက်လာနောင်သားတွေ မသိရှိရ လေအောင် ပြုမှုနေကြတာလား?။

လွတ်လပ်ရေးအရယူပေးခဲ့ တဲ့ နိုင်ငံခေါင်ဆောင် တစ်ယောက် ဒီလိုမျိုး အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတယ် ပြည်သူတွေ ဘယ်လောက်ခံစား မျက်ရည်ဖြိုင်ခဲ့ ရတယ်ဆိုတာ မေ့ပြစ်ကြရတော့မှာလား။ တကယ်ဆိုရင် ဒီလို သမိုင်း ကြောင်းတွေကို လူငယ်တွေ အနေနဲ့သိရှိလာအောင် အာဇာနည်စိတ်ဓါတ်တွေ မွေးဖွားကြရလေအောင် ၊ သူရဲကောင်းအာဇာနည်တွေပေါ်ပေါက်လာအောင် ဟောပြောပွဲတွေ အခမ်းနားပွဲတွေ ပြုလုပ်ပေးရမှာပါ။ဒါ ကို ဘာကြောင့်များ ပိတ်ပင်တားမြစ်တယ်ဆိုတာ ကျွန်မအနေနဲ့ နားမလည်နိုင်တော့ပါဘူး။ ဒါမှမဟုတ်ကျွန်မကပဲ ငယ်လွန်းလို့ ဘာမှမသိတာလား။

နားလည်တဲ့သူတွေ ရှိရင် ကျွန်မကို ပြောပြပေးကြပါလားရှင်။ဘာကြောင့် လည်း………..?
အသစ်သစ်တွေ ဘယ်လောက် ပေါ်လာလာ ဟောင်းထဲကမှ အသစ်ဆို တဲ့အတိုင်း ဇူလိုင် ၁၉ ဟာဘယ်တော့မှ မဟောင်းနိုင်တဲ့ အသစ်ဘဲဖြစ်ပါတယ်…။

xxxxxxxxxxxxxxxxx...............။။။။။။။။..............xxxxxxxxxxxxxx

“အားလုံး…..သတိ”
“ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံအားအလေးပြု”
“နေ..မြဲ”
“ကျဆုံးလေ ပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ နှင့်တကွ ရဲဘော်အပေါင်းအား အလေးပြု”
“ နေ..မြဲ”

ရုတ်တရက်ထွက်ပေါ် လာတဲ့အသံလေးနဲ့ အတူ ကျွန်မလည်း ခေတ္တခဏမျှ ငြိမ်သက် အလေးပြု လိုက်မိပါတယ်..။
ထို့နောက်……

“မေမေ အဲ့ဒါ သားသားတို့ကျောင်းမှာ ကျောင်းတက် ချိန်တိုင်း လုပ်ရတာ….နောက်ပြီး ဆရာမ က ဒီနေ့က အာဇာနည်နေ့ တဲ့…. အာဇာနည်နေ့ရောက်ရင် သားသားတို့လည်း ဒီလိုလုပ်ရမယ်တဲ့ ဟုတ်လားမေမေ…”
“ဘာဖြစ်လို့လည်း ဟင် ဆရာမ ကပြောမပြဘူး မေမေ...တဲ့။”

အိမ်ရှေ့ဆီမှ မပီကလာ ပီကလာလေး နှင့်ပြောနေသော အသံကလေးကို စိတ်ဝင်စားတာနဲ့ ထွက်ကြည့်တော့ မေမေ့ မိတ်ဆွေ မမမော် တို့ သားအမိလာလည် ကြတာပါ…..။ကျွန်မလည်း စာရေးစာပွဲ သို့ ပြန်လာပြီး ရေး လက်စ စာလေး ကိုအဆုံးသတ် ပါတော့တယ်….တိုက်ဆိုင်မှုလေး ကိုလည်း သထိတားမိ လိုက်ပါတယ်…။ ကလေးလေး စာရွတ် တဲ့အချိန်က ၁၀ နာရီနဲ့ ၃၇ မိနစ် တိတိ မှာဘဲတိုက်ဆိုင်စွာနဲ့ ဖြစ်ပေါ် လာခဲ့တဲ့ဖြစ်ရပ်ကလေးပါ….။

ရေးလက်စလေး အဆုံး သတ်မဲ့အချိန်မှာတော့ ဇူလိုင်မုတ်သုန် မိုးဟာလည်း သည်းမည်းစွာ ရွာချ လိုက်ပါတော့တယ်…။ သြော်…. မြန်မာတို့ရဲ့ အာဇာနည်နေ့ကား ပြည်သူတွေမျက်ရည်ဖြိုင်လို့ ..မြေကြီးလည်းငို မိုးလည်းငိုသော နေ့ တစ်နေ့ပါပဲလားရှင် ။ ။

မမေ့နိုင်သူ ညီမငယ်လေး

နှင်းအိဖြူ

…......-----------.............---------*********************............----------..............-----------

မမေ့နိုင်သောနေ့ တစ်နေ့

ကျွန်မစာမရေးတတ်ပါဘူး။ ကဗျာဆိုရင်ပိုတောင် ဆိုးပါသေးတယ်။စာဖတ်တာတော့ ဝါသနာပါတယ်။ ကျွန်မမောင်လေးက ပြောတယ် အမ အာဇာနည်နေ့ အတွက် ကဗျာလေး တစ်ပုဒ်လောက်ရေးပေးပါလားတဲ့။ ကျွန်မ ရေးချင်ပါတယ် ဒါပေမယ့် မရေးတက်ဘူးလေ။
ဒါပေမယ့် အာဇာနည်နေ့မှာ မောင်လေးရဲ့ blog လေးမြိုင် သွားအောင်လို့မရေးတတ် ရေးတတ်နဲ့ ကျွန်မငယ်ငယ်က အာဇာနည်နေ့အမှတ်တရလေးကို ရေးပေး လိုက်တာပါ။

.......................xxxxxxxxxxx...............................xxxxxxxxxxxxx................................

ကျွန်မမှတ်မိတဲ့နေ့တစ်နေ့ကတော့ မနက်စောစော ကျွန်မနိုးတော့ မေမေမရှိဘူး ကလေးဘ၀ဆိုတော့ နိုးတာနဲ့မေမေ့ကို မတွေ့ရင် ငိုတယ်လေ အိမ်က လူတွေက ချော့ကြတယ် ဒီနေ့အာဇာနည်နေ့မို့လို့ မေမေတို့ ၀န်ထမ်းတွေ အာဇာနည်နေ့ အမှတ်တရအလေးသွား ပြုကြတယ်တဲ့။
မေမေပြန်လာတော့ ကျွန်မကိုချော့တဲ့အနေနဲ့ အဒေါ်အိမ်ကို အလည်သွားကြတယ်။ မိုးလေးတွေကလဲ တဖွဲဖွဲကျနေတယ် မေမေက လမ်းမှာပြောတယ်......

“ သမီးလေး သြသြော်ဆွဲသံကြားရင် မေမေနဲ့သမီးလေးတို့ ခဏလေးရပ်နေရမယ်နော်လို့”
မေမေပြောတော့ ကျွန်မမေးမိတယ်
“မေမေက သမီးလေး ငယ်သေးတော့ သိအုံးမှာမဟုတ်သေးဘူး သမီးနောက်ကျောင်းတက်လို့စာသင်ရင် အာဇာနည်နေ့ဘာလဲဆိုတာ သိလာလိမ့်မယ် အခုသမီးမှတ်ထားရမှာက တို့မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင် ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်တွေ ကျဆုံးခဲ့တဲ့နေ့ ဒါကြောင့် မေမေတို့က ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ငြိမ်သက်စွာ နေကြတာတဲ့လေ။”

“ မေမေ့ကိုမနက်က မတွေ့တာလဲ မေမေတို့အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးသွားပြုကြတာလို့”


မေမေကရှင်းပြတော့ ကလေးပီပီ ခေါင်းလေးပဲ ညိတ်မိတယ်။ ကျွန်မက ဘာမှ မသိ နားမလည်ခဲ့ ရိုးအမှန်ပါရှင်။

......................xxxxxxxxxx..........။။။....xxxxxxxx...........xxxxxxxxx..........................

ဒီလိုနဲ့ ကျွန်မကျောင်းတက်လို့စာသင်တော့ ၁၉ဇူလိုင် ဆိုတဲ့ ကဗျာလေးရယ် အာဇာနည်နေ့ရယ် ဆိုတာတွေ သင်ရတော့ မေမေပြောတာ တွေကို ပိုသိ နားလည် လာရပါတယ်။ အဲဒီနေ့ အဲ့ဒီ့အချိန် ရောက်ရင် ရေဒီယိုက နေ ဥသြသံ ကိုကြားရတယ်လေ။ စက်ရုံအလုပ်ရုံတွေကလဲ ၀မ်းနည်းခြင်း အထိမ်း အမှတ်နဲ့ ဥသြသံ တွေနဲ့ အတူ လူတိုင်းငြိမ်သက်စွာ ရပ်နေကြတဲ့အထဲမှာ ကျွန်မလဲ ကလေးတုန်းကလို လူကြီးကရပ်ဆိုလို့ရပ်တာ မဟုတ်တော့ဘဲ ငါတို့နိုင်ငံကို လွတ်လပ်ရေး ရအောင် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကြီးတွေကို မသမာသူတို့ လုပ်ကြံလို့ ကျဆုံးတဲ့ နေ့ပါလားဆိုတဲ့ အသိနဲ့ ဝမ်းနည်းစွာ ငြိမ်သက်ကြတာတွေက အခုအချိန်မှာတော့ ဘယ်ဆီရောက်ကုန်ပြီ လဲဆိုတာ ကိုမသိနိုင်တော့ပါဘူး။ လွမ်းမော တမ်းတ သတိတယ တွေပါပဲ။

ဒါပေမဲ့ ကျွန်မတို့ရင်ထဲမှာ နောင်လာနောင်သားများကို လက်လှမ်းမှီသလိုရှင်းပြပေးမယ်ဆိုတဲ့ အသိကတော့ ရှိနေခဲ့ပါတယ်။

“ကျွန်မစိုးရိမ်မိတာ တစ်ခုကတော့ အခုကလေးတွေအားလုံးရဲ့ ရင်ထဲမှာ ကျွန်မတို့မြန်မာနိုင်ငံရဲ့ မမေ့နိုင်သော အာဇာနည်နေ့ဖြစ်တဲ့ ၁၉ ဇူလိုင်ဟာ ကလေးတွေဘာနေ့မှန်းမသိရှာကြပဲ ရုံးပိတ်ရက် ကျောင်းပိတ်ရက် တစ်ရက်လို မြင်မှာကိုစိုးရိမ်မိပါတယ်။”

နောက်တခုက တကယ်ဆိုရင် ခုလိုအာဇာနည်နေ့ မှာ ဇာတိမာန် ဇာတိသွေးတွေ နိုးကြားလာအောင် အာဇာနည်စိတ်ဓါတ်တွေ လူငယ်တွေ ရင်ထဲမှာ ကိန်းအောင်လာအောင် လုပ်ခဲ့တဲ့ အခမ်းအနားပွဲ တွေကို ခုချိန်မှာတော့ လွမ်းမိပါတော့တယ်ရှင်။

ခုဆိုရင် ကျွန်မကို အာဇာနည်နေ့ မှာ အာဇာနည်သူရဲကောင်းတွေ အကြောင်းကို မမောတန်း ရှင်းပြခဲ့တဲ့ မေမေ ဟာလည်း တမလွန် ဘဝကနေ ယနေ့ဖြစ်ပျက် နေတဲ့ အကြောင်းတွေကို သိနိုင်မယ် မထင်တော့ ပါဘူး။ တကယ်လို မေမေ သာရှိနေရင်ရော ဘယ်လိုခံစားလို ဘယ်လိုတွေ ပြောမယ်ဆိုတာ ကျွန်မ သိချင် နေမိပါတော့တယ်။အော်… ....................ခုတော့……………..။ ။

ဇူလိုင်လ ၁၉ ရက်နေ့ တွင်ကျဆုံလေပြီးသော အာဇာနည်သူရဲကောင်းတို့အား လေးစားစွာဖြင့် ဒီပိုစ့်လေးဖြင့် ဂုဏ်ပြုဦးညွှတ် လိုက်ရပါတယ်ရှင်။

မြန်မာပြည်တစ်ဝန်း အေးချမ်းသာယာ ပျော်ရွှင်ကြပါစေ။

အာဇာနည်နေ့ကိုမမေ့နိုင်သူ

မြတ်နိုးဝေ

.............................xxxxxxxxxxxxxxxxxxxxxxxxx......................................
**ကျေးဇူးတင် မှတ်တမ်းလွှာ**

တကယ်ဆိုရင် အာဇာနည်နေ့ မရောက်ခင် တစ်ပတ်လောက်တည်းက ကျွန်တော်က အမှတ်တရအနေနဲ့ ဘလောက်မှာ တခုခုပေါ့ လုပ်မယ်လို့ မှန်းထားခဲ့တာပါ။ ပို့စ်တွေ ရေးမယ် ကဗျာတွေ ရေးမယ် ပေါ့နော် ။ဒါပေမယ့် ဗျာ အချိန်ဘယ်လို့ မှမရခဲ့တာပါ။ အလုပ်က တစ်ဖက် အိမ်ပြန်ရောက်ရင် လည်း အချိန်က မရတော့ လုပ်စရာလေးတွေ လုပ်ပြီး တန်းအိပ်လိုက်တာ မနက်အလုပ်ချိန်နား နီးမှ နိုးပြီး တောင်ဆွဲမြောက်ဆွဲ နဲ့ အလုပ် တန်း ပြေးရတယ်လေ။ ကျွန်တော့် အကြောင်းသိသူတွေကတော့ နားလည် ကြမှာပါ။ညတိုင်း ပြည်တွင်းက အခက်အခဲ ရှိတဲ့ ဘလောက်ဂါ ညီငယ်ညီမငယ် တွေကိုကူညီပေးနေတယ်ဗျ။မယုံရင် တစ်ရေးနိုးထကြည့် ကျွန်တော် လိုင်းပေါ်မှာ ရှိနေမြဲပဲ။

အဲဒီလို အခက်အခဲတွေကြောင့် (ပျင်းတာလည်းပါတယ်ဗျ :D) ဘာမှမရေးဖြစ်ဘူး ။အဲဒါနဲ့ အမ တွေ ညီမတွေကို လိုက်အပူကပ်တာလေ။ အဟတ် ..ကံဆိုးသူတွေ ဖြစ်သွားရှာတယ်။ အောင်မယ်လေးဗျာ သူတို့ကပြောတော့ မရေးတက်ဘူးနဲ့ ရေးပို့လိုက်တာများ စာရေးဆရာ တွေတောင်ရှုံးမယ်။ဖားထားတာ..…နောက်တခါ ထပ် အပူကပ် ရင် လွယ်အောင်လေ။
ဒီနေ့တော့ အိပ်ရေးပျက်ခံပြီး ပို့စ်တင်ဖြစ်အောင်တင်လိုက်ပါတယ်။နောက် ကျွန်တော် ပိုတို့ရှော့ လုပ်နေတုန်း ညီမလေးတစ်ယောက်ကို စာစီခိုင်းလိုက်တာ ကွန်နက်ရှင် နှေးလို့ကွန်နတ်ရှင် ကျသွားတာ ပို့စ်တင်တော့မယ့် အချိန်ထိ စာစီထားတာတွေ ရောက် မလာတော့လို့ ကျွန်တော်ဖြစ်သလို လုပ်လိုက်ရပါတယ်ဗျာ။
ခုလို မအားတဲ့ကြားက ဝိုင်းဝန်ကူညီပေးသော ညီကိုမောင်နှမများကို ကျေးဇူးတင်ကြောင်းပြောရင် ကျွန်တော် ဘလောက်လေးမှာ မှတ်တမ်းတင်အပ်ပါတယ်ဗျာ။

ခုတော့ ကျွန်တော် ကိုယ်တိုင်လုပ်ထားတဲ့ ပိုတိုရှော့လေးတွေ ရယ် မကြီး တစ်ယောက်ပို့ ပေးတဲ့ ဓါတ်ပုံ ပိုတိုရှော့လေးတွေရယ်နဲ့ အမ နဲ့ ညီမလေး ပို့ပေးတဲ့ ပို့စ် လေးတွေနဲ့ပဲ ….
“အာဇာနည် သူရဲကောင်းများကို ဦးညွှတ် ဂုဏ်ပြု လိုက်ရပါတယ် ”ခင်ဗျာ။

စာဖတ်သူများကိုအစဉ်လေးစားကျေးဇူးတင်လျှက်


1 ယောက်ရဲ့ထင်မြင်ချက်:

Nge Naing said...

အာဇာနည်နေ့ အမှတ်တရ ပို့စ်ကို လာဖတ်သွားပါတယ်။ အာဇာနည်နေ့ကို နောင်လာနောက်သားတွေ သိအောင် မမေ့အောင် လုပ်ဖို့က ကျွန်မတို့ အားလုံးရဲ့ တာဝန်ပါ။ အခုလို စုစည်းတင်ပြပေးတာ ကျေးဇူးတင်ပါတယ်။

19/7/09 11:25 PM