စက်တင်ဘာလမှာ ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ အလားအလာရှိ
လာမဲ့စက်တင်ဘာလမှာ လက်ရှိ စစ်အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ကြားဖြတ်အစိုးရ ဖွဲ့ဖို့ အလားအလာ ရှိတဲ့အကြောင်း နေပြည်တော် ဝန်ကြီးတဦးက ထုတ်ဖော် ပြောကြားပါတယ်။ စက်တင်ဘာလမှာ ကြားဖြတ်အစိုးရ ဖွဲ့ကောင်း ဖွဲ့နိုင်တယ်လို့ စက်မှု(၁) ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းက မကြာခင်က နေပြည်တော်မှာ ကျင်းပတဲ့ စက်မှု(၁) ဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးမှာ ခုလို ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

မြန်မာ စစ်အစိုးရ၏ ထိပ်သီး ဗိုလ်ချုပ်ကြီးများကို ၂ဝဝ၇ခုနှစ် ပြည်ထောင်စုနေ့ ညစာစားပွဲတွင် အရပ်ဝတ် မြန်မာ့ရိုးရာ ဝတ်စုံများဖြင့် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက်ရဘို့ RFA က ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ကြားဖြတ်အစိုးရကို ဘာကြောင့်ဖွဲ့တယ်၊ ဘယ်သူက ဦးဆောင်မယ်၊ ဘယ်သူတွေပါဝင်မယ်၊ စစ်တပ်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမယ် စတဲ့ အသေးစိတ်ကိုတော့ ဝန်ကြီးဦးအောင်သောင်းက အစည်းအဝေးမှာ ရှင်းရှင်းလင်းလင်း ပြောဆိုမသွားဘူးလို့ စုံစမ်းသိရပါတယ်။ ဝန်ကြီးဦးအောင်သောင်းဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်သူဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးမှာ ဝန်ကြီးချုပ်နေရာအတွက် လျာထားခံရသူ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်ခင်ထိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်တဲ့ လုပ်ငန်းမှန်သမျှကို စစ်အစိုးရဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်တယ် ဆိုပြီး မှတ်ယူရမယ်လို့ ၂ဝဝ၈ ခုနှစ် စစ်အစိုးရဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ မှာ ပြဌာန်းထားပါတယ်။ ဒါကြောင့် လက်ရှိစစ်အစိုးရကို ဖျက်သိမ်းပြီး ကြားဖြတ် အစိုးရဖွဲ့မယ်ဆိုလည်း ဖွဲ့နိုင်ခွင့်ရှိနိုင်တယ်လို့ ဝါရင့် မြန်မာရှေ့နေတဦးက ပြောပါတယ်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၂ မှာ လက်ရှိ စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်ခင်ထိ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဆက်လက် ကျင့်သုံး ဆောင်ရွက်ရမယ်လို့ ပြဌာန်းထားတဲ့အတွက် စစ်အစိုးရရဲ့ လက်ရှိ အနေအထားဟာ တရားဝင် မကြေညာပေမဲ့ ကြားဖြတ်အစိုးရ သဘောဆောင်နေတယ်လို့ပါ အဲဒီ ရှေ့နေက ထောက်ပြပါတယ်။၊
စစ်အစိုးရအနေနဲ့ စက်တင်ဘာလမှာ ကြားဖြတ်အစိုးရဖွဲ့ဖြစ်တယ်ဆိုရင် ဒီကြားဖြတ်အစိုးရ တာဝန်က ၂ဝ၁ဝ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အဓိက တာဝန်ယူရမှာ ဖြစ်တဲ့အတွက် ပထမအကြိမ် လွှတ်တော်ခေါ်ပြီး စစ်အစိုးရဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုချိန်မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။

source by :RFA
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment