ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိဟု ယက်ထော ရှေ့နေလျှောက်လဲ
ကိုစိုး | ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင် နေရသည့် အမှု၌ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောတွင် အပြစ် ရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း ယမန်နေ့က တရားရုံးသို့ အပြီးသတ် လျှောက်လဲခဲ့ သည်ဟု မစ္စတာ ယက်ထော၏ ရှေ့နေ ဦးခင်မောင်ဦး က ပြောသည်။
မစ္စတာ ယက်ထောသည် အစိုးရ တားမြစ် နယ်မြေသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့၍ ပြစ်မှု မြောက်ကာ ပြစ်ဒဏ် ကျခံရမည် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုထားသော တားဆီးမိန့် ချိုးဖောက်မှုနှင့် ပတ်သက်ပြီး အားပေးကူညီမှု မမြောက်ကြောင်းလည်း ဦးခင်မောင်ဦးက လျှောက်ထားခဲ့သည်ဟု ပြောဆိုသည်။
“မစ္စတာ ယက်ထော အနေနဲ့ တားမြစ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်း အတွင်း ဝင်ရောက်မှုက ရာဇဝတ်မကင်းတဲ့ ကျော်နင်းမှု မြောက်ပါတယ်၊ ကျန်တဲ့ အမှုတွေကိုလည်း သက် ညှာတဲ့ ပြစ်ဒဏ်ပေးဖို့ပေါ့၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မစ္စ ယက်ထောကို ယာယီ ခိုလှုံခွင့်ပေးတာ ပြစ်မှု မမြောက်ဘူးလို့ လျှောက်လဲ ထား ပါတယ်၊ နေမကောင်းလို့ ၂ ရက် ယာယီ နေခွင့် ပေးတာဟာ ပြစ်မှု မမြောက်ဘူး၊ ဥပဒေထဲမှာလည်း မပါဘူး ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူး၊ ကျနော်တို့ကတော့ တရားမျှတဲ့ ဆုံးဖြတ်ချက်ချ နိုင်မယ်လို့ မျှော်လင့်ထားတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

အစိုးရတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ်သို့ ချမှတ်မည့် ပြစ်ဒဏ် အလေး အပေါ့ သည် တခြားသော ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ နှင့် မစ္စတာ ယက်ထောတို့နှင့်လည်း သက်ဆိုင် ဆက်နွယ်မှုရှိသည်ဟုလည်း ၎င်းက ဆိုသည်။
ယက်ထောသည် မြန်မာနိုင်ငံ အတွင်းသို့ တရားဝင် ပြည်ဝင် ဗီဇာတခု ဖြစ်သော ကမ္ဘာလှည့် ခရီးသည် ဗီဇာဖြင့် လာရောက် ခဲ့သော်လည်း ဥပဒေအရ ကန့်သတ် တားမြစ်ထားသော စည်းကမ်းသတ်မှတ် ချက်ကို ဖောက် ဖျက်ခဲ့သည့် အတွက် ၎င်းအား လူဝင်မှု ကြီးကြပ် ရေး (အရေးပေါ်ပြဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃(၁) အရ အမှုဖွင့် အရေးယူပေးရန် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ အမှုအမှတ် (ပ) ၃၀၁/၂၀၀၉ နှင့် (ပ) ၃၀၂/၂၀၀၉ တို့အရ တိုင်ကြားခဲ့ သည်ဟု အစိုးရ သတင်းစာများတွင် ရေးသားခဲ့သည်။
မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထူးက ရေပေးရေးနှင့်သန့်ရှင်းမှု လုပ်ငန်းဆိုင်ရာ နည်းဥပဒေများ (၄၀) အရ ခွင့်ပြုချက်မရှိဘဲ အင်းလျားကန်တွင် ရေကူးခဲ့သည့်အတွက် စည်ပင် သာယာရေး ဥပဒေ ပုဒ်မ ၂၈ အရ အရေးယူပေးရန် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး သို့ တိုင်ကြားကြောင်း၊
၎င်း ဂျွန်ဝီလျံ ယက်ထော သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ ကလည်း ခြံအနောက်ဘက် အင်းလျားကန် အတွင်းမှ ရေကူးပြီးသွားရောက်ကာ ခြံဝ၌ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့နှင့်တွေ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှု ရန် Book of Mormon အမည်ရှိ စာအုပ်ကို ခြံဝင်း အတွင်း ချထားပေး ခဲ့ကြောင်း သတင်းစာတွင် ပါရှိသည်။
ယခု ကျူးလွန်ထားသော ပြစ်မှုများကြောင့် မစ္စတာ ယက်ထောသည် ထောင်ဒဏ် အနည်းဆုံး ၃ နှစ် ခန့် ကျခံ ရနိုင်သည်ဟု ၎င်း၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဦးက ပြောသည်။
ယင်း မစ္စတာ ယက်ထောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အတွင်းသို့ ပထမ အကြိမ် သွားရောက် ခဲ့စဉ်က လုံခြုံ ရေး တပ်ဖွဲ့ ဝင်များကို လာဘ် ငွေပေးပြီး ဝင်ရောက်ရန်ကြိုးစားခဲ့သဖြင့် မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း က အာဏာပိုင်များထံ တိုင်ကြားခဲ့ဖူးကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာ အာဏာပိုင် များက မည်သို့မျှ အရေး မယူ ခဲ့ ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ပြောဆိုထားသည်။
အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင် များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment