7/31/2009

မြန်မာကြက်သွန်နီ တင်ပို့မှုကန့်သတ်

NEJ | ပြည်တွင်းဈေးကွက်တွင် အဆမတန် ဈေးမြင့်လာသည့်အတွက် ယခုရက်ပိုင်းအတွင်းမှစတင်ကာ မြန်မာ ကြက်သွန်နီများ ထိုင်းဘက်တင်ပို့မှုကို မြန်မာဘက်က ကန့်သတ်လိုက်သည်ဟု ကုန်သည်များက ပြောသည်။

မြ၀တီကြက်သွန်ဒိုင်ကြီးတခုက “အရင်လို ထိုင်းဘက်ကို ခိုးဂိတ်ကနေ ပို့လို့မရတော့ဘူး။ သူတို့ပြောတာက ပြည်တွင်းစားသုံးမှု ပြဿနာမဖြစ်ရအောင် ကုန်သည်တွေမှာလည်း တာဝန်ရှိတယ်။ ဒါကြောင့် ခဏနားထားရမယ်” ဟု ပြောသည်။

မြ၀တီမြို့တွင် မွန်ဒိုင်အပါအ၀င် ဒိုင်ကြီး (၆) ခုရှိပြီး မွန်ဒိုင်တခုသာလျှင် ကြက်သွန်နီများကို ထိုင်းဘက်သို့ ဂျူတီဆောင်ကာ တင်ပို့နေသော်လည်း ဒိုင်အများစုမှာ တွက်ခြေပိုကိုက်သည့် အောက်လမ်းမှသာ ထိုင်းဘက်သို့ ပို့ဆောင်ကြသည်ဟု ကုန်သည်များက ပြောသည်။

မြ၀တီရှိဘုရင့်နောင်ဈေးမှ ဆိုင်ရှင်တဦးက “ကြက်သွန်နီအလုံးကြီးတပိဿာကို (၁,၃၀၀) ကျပ်ရှိတယ်။ အရင်လတွေက (၇၀၀) ပဲ ရှိတယ်။ လက်ကားဆိုင်ဆိုတော့ ၀ယ်အားကျမကျ ချက်ချင်းသိတယ်။ ဈေးကြီးတော့ လူတွေလည်း အသုံးနည်းသွားတယ်” ဟု ပြောသည်။

မဲဆောက်ဘက်တွင် ဈေးကွက်အတွင်း ယခင်ကဲ့သို့ အရည်အသွေးကောင်းသည့် ကြက်သွန်နီများ ၀င်ရောက်မှုမရှိဘဲ အလုံးငယ်များကို တပိဿာလျှင် ဘတ် (၄၀) ဖြင့် ရောင်းချလျက်ရှိသည်။

မဲဆောက်ကြက်သွန်နီပွဲရုံမှ ထိုင်းမန်နေဂျာက “ဒီလိုဈေးထိုးတက်တာတွေ အရင်ကလည်းကြုံဖူးတယ်။ နှစ်တိုင်းတော့ မဟုတ်ဘူး။ ဈေးမြင့်တော့ ပစ္စည်းကို ထက်ဝက်လောက် လျှော့မှာရတယ်။ အရင်က တနေ့ကို အနည်းဆုံး (၁၀) တန်လောက် ဘန်ကောက်ကိုပို့တယ်။ အခုလကစပြီး ရက်ခြားပဲပို့ရတော့တယ်။ ဈေးကခေါက်ချိုးနီးနီး တက်သွားလို့ဖြစ်တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ကလည်း မြန်မာကြက်သွန်နီ ဈေးအဆမတန်မြင့်တက်ခဲ့ရာ မြ၀တီဘက်တွင် တပိဿာ ကျပ် (၁,၈၀၀) အထိဖြစ်ခဲ့ပြီး ထိုင်းဘက်ခြမ်းမဲဆောက်တွင် တပိဿာ (၅၅) ဘတ်အထိ ဖြစ်ခဲ့သည်။

မြန်မာကြက်သွန်နီများ နယ်စပ်ကုန်သွယ်ရေးမှ တင်သွင်းရာတွင် မြ၀တီ-မဲဆောက်လမ်းကြောမှ လစဉ် တန်ချိန် (၁,၅၀၀) ခန့် အနည်းဆုံးရှိသည်ဟု ထိုင်းကြက်သွန်နီပွဲရုံက ပြောသည်။

မြ၀တီနယ်စပ်ကုန်သွယ်ရေး စခန်းမှတ်တမ်းများအရ ယမန်နှစ် ဒီဇင်ဘာတလအတွင်း ထိုင်းဘက်သို့ ကြက်သွန်နီ တန်ချိန် (၂,၀၀၀)၊ အမေရိကန်ဒေါ်လာ (၄) သိန်းကျော်ဖိုး တင်ပို့ခဲ့သည်ဟု ဖော်ပြထားသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: