7/11/2009

ပေါ်တာဆွဲခံရပြီး ထွက်ပြေးသူကို စစ်သားများ ရိုက်နှက်၍ သေဆုံး



RFA
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာက အဓမ္မလုပ်အားပေး ပေါ်တာဆွဲခံရတဲ့သူတဦး ထွက်ပြေးဖို့ ကြိုးစားရင်း ခလရ ၁၄၈ တပ်ဖွဲ့ဝင်တွေ ရဲ့ ရိုက်နှက်မှုဒဏ်ကြောင့် သေဆုံးသွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။


စစ်အစိုးရတပ်ဖွဲ့များနှင့် ၎င်းတို့ အဓမ္မ အလုပ်ခိုင်းစေသဖြင့် အထုပ်အပိုးများ ထမ်းနေရသော ပေါ်တာများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က ခလရ ၁၄၈ က တပ်ဖွဲ့ဝင်တွေ ချောင်းကြီးရွာကို ရောက်လာခဲ့ပြီး လုပ်အားပေးအတွက် ရွာသားတချို့ကို အဓမ္မ ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ခေါ်သွားခံရသူတွေထဲက အသက် ၂၈ နှစ်အရွယ် ကိုအောင်မြင့်သန်း ဆိုသူ ထွက်ပြေးဖို့ ကြိုးစားရင်း သေဆုံးသွားခဲ့ပုံကို ရွာသားတဦးက အခုလို ပြောပြခဲ့ပါတယ်။



ရွာသား။ ။ 'ကိုအောင်မြင့်သန်း ကားပေါ်မှာ ရောက်တဲ့အခါ ခုန်ချ ပြေးတဲ့အခါကျတော့ စစ်သားတွေ အတင်းလိုက်လို့ မိသွားပြီးတော့မှ သူက ကားပေါ်က ခုန်ချတဲ့ ဒဏ်ရာနဲ့ ရိုက်လိုက်တဲ့ ဒဏ်ရာနဲ့ ချက်ချင်း ပွဲချင်းပြီး သေသွားတယ်။'

ကိုအောင်မြင့်သန်း သေဆုံးပြီး တပတ်အကြာမှာ ဇနီးဖြစ်သူ မအေးကို ခလရ ၁၄၈ က နစ်နာကြေး အဖြစ် လျော်ကြေးငွေ ကျပ်ငါးသောင်း လာပေးသွားခဲ့တယ်လို့ သိရပါတယ်။ သပိတ်ကျင်း မြို့နယ်မှာ စစ်တပ်က လာပြီး အဓမ္မ လုပ်အားပေး ခေါ်ဆောင်တာ ၂ ကြိမ် ရှိသွားပြီလို့လည်း အဲဒီ ရွာခံကပဲ ဆက်ပြောပါတယ်။

ရွာသား။ ။ 'ကျွန်တော်တို့ ဒီ ၁၇ ရက် ၅လက ပထမ တချီ၊ ၆လပိုင်း ၁ရက်နေ့မှာ တခါ၊ နှစ်ခါ ရှိသွားပြီ။ ကိုအောင်မြင့်သန်းကို ဆွဲတဲ့နေ့က ဆိုရင် နေ့လည် ၃နာရီမှာ ဆွဲတာ။ ကျွန်တော်တို့ ဒုတိယအကြိမ် ၁ဝရက် ၆လပိုင်းမှာ ဆွဲတဲ့နေ့ကဆိုရင် အဲဒါကျတော့ ညပိုင်းကျမှ ဆွဲတာ။ မြောက်ဖက်ကနေ အရိုးတောင်တို့၊ မျောက်တောင်တို့ဆိုတာ ရွှေတအား ထွက်တာကိုး။ အဲဒါကို သေနတ်ကို မိုးပေါ်ထောင် ဖောက်ပြီးတော့မှ ပြေးတဲ့လူတွေကို အတင်း ဆွဲ ကားပေါ်တင်ပြီး ခေါ်သွားတာ။'

လုပ်အားပေးအတွက် အဓမ္မ ခေါ်ဆောင်မှုမျိုး သပိတ်ကျင်း မြို့နယ်မှာ အရင်က မရှိတဲ့အတွက် ရွာသားတွေ အနေနဲ့ နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။


source by :RFA

0 ယောက်ရဲ့ထင်မြင်ချက်: