7/30/2009

မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေးဖြစ်သူ (၁၀) ဦးရှိပြီ

NEJ | မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေးရောဂါဝေဒရှင် (၁၀) ဦးရှိပြီဟု ယနေ့ထုတ် စစ်အစိုးရပိုင် သတင်း မီဒီယာများက ဖော်ပြသည်။

(၁၀) ဦးမြောက် ရောဂါ ဖြစ်ပွားသူမှာ ဇူလိုင် (၂၀) ရက်တွင် MI-512 ဖြင့် ရောက်ရှိလာသူ အသက် (၅၇) နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း သိရသည်။

ဇူလိုင် (၂၉) ရက်ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြချက် အရ ဇူလိုင်လ (၂၀) ရက်က မြန်မာနိုင်ငံသို့  ထိုင်း လေကြောင်းလိုင်း အမှတ် TG-303 ဖြင့် ရောက်ရှိလာသော အသက် (၂၃) နှစ်အရွယ် အမျိုးသမီး တဦးနှင့် ဇူလိုင် (၂၇) ရက်က လေကြောင်းလိုင်း ခရီးစဉ်အမှတ် 8M-502 ဖြင့် မလေးရှားနိုင်ငံမှ ပြန်ရောက် လာသူ တို့တွင်လည်း အဆိုပါတုပ်ကွေးရောဂါ တွေ့ရှိကြောင်း ဖော်ပြသည်။

မလေးရှားနိုင်ငံမှ ပြန်ရောက်လာသူ အမျိုးသားနှင့်အတူ လေယာဉ်စီး ခရီးသည် (၉၄) ဦးကို တုပ်ကွေးရောဂါ လက္ခဏာ ရှိ၊ မရှိ စောင့်ကြပ် ကြည့်ရှုလျက် ရှိကြောင်း ယမန်နေ့ထုတ် သတင်းစာတွင် ဖော်ပြပြီး အမျိုးသမီးနှင့်အတူ လေယာဉ်စီး ခရီးသည် များကို စောင့်ကြပ်ကြည့်ရှုနေကြောင်းကိုမူ မဖော်ပြထားပေ။

ယခုတိုင် ရောဂါဖြစ်ပွားသူ (၁၀) ဦးရှိပြီး (၄) ဦးမှာ ရောဂါ ပျောက်ကင်းပြီ ဖြစ်သဖြင့် ဆေးရုံက ဆင်းခွင့် ပေးလိုက်ကြောင်း၊ ကျန် လူနာ (၆) ဦးကို အထူးကြပ်မတ်စောင့်ရှောက်လျက်ရှိကြောင်း သတင်းစာတွင် ဖော်ပြသည်။

လူနာများကို ဝေဘာဂီ အထူးကု ဆေးရုံ သီးသန့်လူနာကုသခန်းတွင် ထားရှိ ကုသပေး နေကြောင်း သိရပြီး ကမ္ဘာ့ လူတုပ်ကွေး ရောဂါပိုးဟု သံသယရှိသူ ပေါင်း (၁၀၇) ဦးကို ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနက စမ်းသပ် စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိသူ (၁၀) ဦးသာ ဖြစ်သည်ဟု ဖော်ပြသည်။

ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင်လည်း တုပ်ကွေး ရောဂါ ဖြစ်ပွားနေသူများကို ကုသပေးလျက်ရှိသည်ဟု တာဝန်ကျ ဆေးဝန်ထမ်း တဦးက ပြောသည်။

ရန်ကုန်တိုင်း ဒလမြို့ပေါ် မြို့သစ် ရပ်ကွက်၌လည်း ပြည်ပမှ ပြန်ရောက်ရှိလာသူ (၁) ဦး ပြင်းထန်စွာ ဖျားနေသည့်အတွက် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ဒလမြို့ခံတဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့က ပို့လိုက်တာပါ။ အဲဒီလူက အသက် (၃၅) နှစ်လောက်ရှိပြီဗျ။ သူက သင်္ဘောသား၊ အဲဒီလူနဲ့ ပတ်သက်တာတော့ သတင်းစာထဲမှာ မပါဘူး။ ကျနော်တို့ မျက်မြင်ပဲ။ ဒါမျိုးတွေ အများကြီး ပဲနေမှာ” ဟု ဒလမြို့ခံက ပြောသည်။

မြန်မာ နိုင်ငံတွင် ပထမဦးဆုံး ယင်းရောဂါ ကူးစက်ခံရသူသည် စင်ကာပူနိုင်ငံမှ ပြန်ရောက် လာသည့် (၁၃) နှစ် အရွယ် မိန်းကလေး ဖြစ်ကြောင်း စစ်အစိုးရမီဒီယာများက ဖော်ပြခဲ့သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: