7/17/2009

စတုတ္ထမြောက် A(H1N1) တုပ်ကွေး ကူးစက်ခံရသူ မြန်မာ နိုင်ငံတွင် တွေ့ရှိ

NEJ | မြန်မာနိုင်ငံတွင် စတုတ္ထမြောက် A(H1N1) တုပ်ကွေး ကူးစက်ခံရသူ (၁) ဦး ထပ်မံ တွေ့ရှိရကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါ လူနာမှာ ရန်ကုန်မြို့နေ အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး ဇူလိုင် (၁၂) ရက်တွင် TG 305 ဖြင့် ထိုင်းနိုင်ငံမှ ပြန်လာသူတဦးဖြစ်သည်။

ထိုခရီးစဉ်ဖြင့် လိုက်ပါလာခဲ့သော ခရီးသည်များအား ၎င်းတို့ နေထိုင်ရာ နေရာများသို့ လိုက်လံစစ်ဆေးစဉ် ယင်းလူနာမှာ အဖျားတက်၍ တုပ်ကွေးရောဂါလက္ခဏာ တွေ့ရသဖြင့် ဝေဘာဂီဆေးရုံကြီးတွင် စမ်းသပ်စစ်ဆေးပြီး ရောဂါဖြစ်ပွားကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ A(H1N1) တုပ်ကွေးဖြစ်ပွားမှု နေ့စဉ်ဆက်တိုက် သတင်းစာတွင် ဖော်ပြလာသည့် အတွက် လူမသိသူမသိ ရောဂါဖြစ်ပွား သူများလည်း ရှိနိုင်ကြောင်း မြောက်ဒဂုံတွင် ဆေးခန်းဖွင့်ထားသည့် အထွေထွေရောဂါကု ဆရာဝန်တဦးက ပြောသည်။

၎င်းက “ဘာလို့လဲဆိုတော့ ဒီရာသီက တုပ်ကွေးရာသီဖြစ်တဲ့အတွက် တချို့တွေက မခွဲခြားတတ်ကြဘူး။ ကျနော်က မြောက်ဒဂုံ (၄၇) ရပ်ကွက်မှာ ဆေးခန်းဖွင့်ထားတော့ လူစုံတွေ့ရပါတယ်။ နေမကောင်းတဲ့သူတွေ များတယ်။ အများဆုံးက ချောင်းဆိုးတာပဲ။ ခက်တာက သူတို့က နေမကောင်းလို့ အိမ်မှာ နားမနေနိုင်ဘူး အလုပ်သွားကြရတယ်။ မသွားရင် စားဝတ်နေရေးအတွက် အခက်တွေ့နိုင်တယ်လေ။ ဒီတော့ ခုဖြစ်နေတဲ့ တုပ်ကွေးအတွက်လည်း သူတို့ ဘာမှ ပြင်ဆင်ဖို့မရတာ အသေအချာပဲ။ ကျနော်ထင်တယ်၊ ကမ္ဘာ့လူတုပ်ကွေးရောဂါဖြစ်ပွးမှုက မြန်မာမှာ လက်ရှိထက် ပိုနိုင်ပါတယ်” ဟု ပြောသည်။

စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၌ A(H1N1) တုပ်ကွေးကူးစက်ခံရသူ (၄) ဦးရှိပြီဖြစ်သည်။

ပထမဆုံး ရောဂါပိုးတွေ့ရှိသူမှာ ဇွန် (၂၆) ရက်နေ့တွင် စင်ကာပူနိုင်ငံမှ ပျံသန်းလာသော စင်ကာပူလေကြောင်းလိုင်း 3K (585) ဖြင့် လိုက်ပါလာသော ခရီးသည်များထဲမှ အသက် (၁၃) နှစ် သာရှိသေးသော အမျိုးသမီးငယ် တဦးဖြစ်သည်။

ဒုတိယနှင့်တတိယမှာ အမျိုးသားများဖြစ်ပြီး ထိုင်းနိုင်ငံမှ ပြန်လာခဲ့ကြသူများဖြစ်သည်။

မြန်မာကျန်းမာရေးဝန်ကြီးဌာနက A(H1N1) တုပ်ကွေးကူးစက်ခံရသူများမှာ ပြည်ပမှကူးစက်လာခြင်းဖြစ်ကာ ယနေ့အထိ ပြည်တွင်း၌ ကူးစက်ပြန့်ပွားမှု မရှိသးဟု ကြေညာထားသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: