6/16/2009

အီးယူ ကြေညာချက် အခြေအမြစ်မရှိဟု စစ်အစိုးရက ပြောဆို


နန်းဒေဝီ

နယူးဒေလီ (မဇ္စျိမ)။ ။ ကရင်လူမျိုးများအား အစိုးရတပ်က ထိုးစစ်ဆင်နွှဲနေကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ကြေညာသည့်အပေါ် မှန်ကန်မှုမရှိဘဲ၊ အခြေအမြစ်မရှိသော ထုတ်ပြန်ချက် ဖြစ်သည်ဟု မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့ထုတ် အစိုးရ သတင်းစာမှတဆင့် တုံ့ပြန်ပြောဆိုလိုက်သည်။

ယခုလ ၁၁ ရက်နေ့ထုတ် ဥရောပသမဂ္ဂ - အီးယူ ကြေညာချက်တွင် စစ်အစိုးရတပ်နှင့် ၎င်း၏ မဟာမိတ်တပ်က ကရင်များအပေါ် ထိုးစစ်ဆင်နေသဖြင့် စိုးရိမ်မိကြောင်း ထုတ်ပြန်ခဲ့သည့်အပေါ် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂ၏ ကြေညာချက်သည် စစ်အစိုးရအပေါ် ထိခိုက်မှုရှိသဖြင့် ယခုလို ပြန်လည်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု - NDD မှ သုတေသနဌာနမှူး ဦးဌေးအောင်က ပြောသည်။

“နအဖက သူတို့ကို ဝေဖန်ထောက်ပြတာမျိုးဆိုရင် အခုလို တုံ့ပြန်နှုတ်လှန်ထိုးတာမျိုး အမြဲတမ်း လုပ်တယ်။ အီးယူ (ဥရောပသမဂ္ဂ) ထုတ်ပြန်ချက်က သူတို့ကို ထိခိုက်တဲ့ ထုတ်ပြန်ကြေညာချက်မျိုး ဖြစ်နေတယ်။ ဒီကေဘီအေ ကို နအဖ က နောက်ကနေ ပံ့ပိုးပေးနေတယ်ဆိုတာ ပြလိုက်တာ” ဟု သူက ပြောသည်။



တရုတ်နယ်စပ် အခြေစိုက် မြန်မာ့အရေးကျွမ်းကျင်သူ ဦးမြမောင်ကလည်း “ဒါကတော့ ရှင်းတယ်။ နအဖက ချောင်ပိတ်နေတာ။ တရုတ်နဲ့ ရုရှားက သူ့ကို ထောက်ခံရင်ပြီးရောလို့ တွက်ထားခဲ့တာ။ အခုတော့ အီးယူ ထပြောတော့ သူက ပြန်ပြီးတော့ ငါ သေနတ်ကိုင်ထားတယ်၊ ငါလုပ်ချင်တာ လုပ်တယ် ပြတာ” ဟု ပြောသည်။

စစ်အစိုးရ သတင်းစာထဲတွင် တိုက်ပွဲများသည် “ကေအန်ယူ/ကေအန်အယ်အေ တပ်ဖွဲ့ဝင်များနှင့် ဒီကေဘီအေ တပ်ဖွဲ့များ အချင်းချင်း တိုက်ခိုက်ခြင်းသာဖြစ်ပြီး အဆိုပါ လက်နက်ကိုင်ပဋိပက္ခများအတွင်း မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များအနေဖြင့် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း” ဆိုထားသည်။

သို့သော် ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က လတ်တလောတိုက်ပွဲများတွင် ဒီကေဘီအေ တပ်ဖွဲ့ကို စစ်အစိုးရ ခြေလျင်တပ်ရင်း ၄ ခုထက်မနည်းက ခြံရံထားပြီး လက်နက်ကြီးများဖြင့် ကူညီပံ့ပိုးနေကြောင်း ပြောသည်။

သူက “အစိုးရက လိမ်နေတာ။ ခလရ ၁၈၊ ၂ဝ၂၊ ၂ဝ၃၊ ၂ဝ၅၊ ၂၁ဝ က စစ်တပ်တွေ ပါတယ်။ လက်နက်ကြီးတွေနဲ့ ကူပစ်ပေးတယ်။ ကျမတို့မှာ အထောက်အထားတွေ ရထားတာ ရှိပါတယ်” ဟု ပြောသည်။

ဦးဌေးအောင်က “အမှန်တော့ ဒီစစ်အစိုးရက ငါးကြင်းဆီနဲ့ ငါးကြင်းကြော် လုပ်ချင်နေတာ။ အခုစစ်ပွဲမှာလည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွေ ပါတယ်။ သထုံအခြေစိုက် တပ်မက ပါတယ်။ နောက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့ စစ်တပ်က အကူပေးနေတာ” ဟု ပြောသည်။

သူက “နယ်စပ်ဒေသတွေကို သိမ်းနိုင်ရင် နယ်ခြားစောင့်တပ်တွေအဖြစ် ပေးမယ်၊ စီးပွားရေးလုပ်ကိုင်ခွင့်တွေ ပေးမယ်ဆိုတဲ့ မက်လုံးတွေကြောင့် ဒီကေဘီအေ အဖွဲ့တွေက စစ်ဆင်ရေးတွေ လုပ်တယ်။ နောက်ကနေ စစ်အစိုးက ကိုယ်တိုင်ပဲလေ” ဟု ဆက်ပြောသည်။

ယခုလို စစ်တပ်အကူဖြင့် ထိုးစစ်ဆင်နေခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ မဲလာအားခီး၊ ပနွဲ့ပူ၊ စေဖိုးခီး၊ ထီးဘော်ဒေး၊ ခလဲ့ကာ၊ ဟောသူခီး အစရှိသည့် ကျေးရွာပေါင်း ၁ဝ ရွာကျော်မှ ဒေသခံ ကရင်တိုင်းရင်းသား ၄ဝဝဝ ကျော်သည် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးခိုလှုံလာကြသည်။

ထောင်နှင့်ချီရှိသည့် ကရင်ဒုက္ခသည်များသည် ထိုင်း-မြန်မာနယ်စပ်တွင် ခိုလှုံရောက်ရှိနေကြောင်း ထိုင်းအစိုးရက ပြောဆိုခဲ့သည်။

သို့သော် စစ်အစိုးရ သတင်းစာကမူ ဥရောပသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြထားသကဲ့သို့ အရပ်သား အမြောက်အမြား နယ်စပ်ကျော်ကာ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိကြောင်းနှင့် သူတို့မှာ အရပ်သားပြည်သူများ မဟုတ်ဘဲ ကေအန်ယူ/ကေအန်အယ်အေ အဖွဲ့ဝင်များနှင့် မိသားစုဝင်များသာဖြစ်ကြောင်း ဆိုထားသည်။

နော်စီဖိုးရာက “အခုထွက်ပြေးလာတဲ့ ကရင်လူမျိုးတွေဟာ ပြည်သူတွေပါ။ လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့သူတွေ ဖြစ်တယ်။ လူမှုအဖွဲ့အစည်းတွေက သူတို့ကို အင်တာဗျူးလုပ်တဲ့အခါမှာ သူတို့ ပြောတာတွေ ရှိပါတယ်” ဟု ပြောသည်။

ထို့အပြင် စစ်ပွဲဖြစ်ပွားရာ ဒေသများကို ရှောင်ရှားနိုင်ရန် ဒေသခံများသည် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ရာ လမ်းကြောင်းများကို မြန်မာစစ်တပ်များနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ဟန့်တားနှောင့်ယှက်မှုများ ရှိနေကြောင်း သိရသည်။

စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဥရောပသမဂ္ဂကို “မြန်မာနိုင်ငံ၏ သောင်းကျန်းသူ ပြဿနာအား ဂဃနဏ လေ့လာသုံးသပ်ခြင်း မပြုဘဲ၊ နိုင်ငံရေးအရ ထိုးနှက်ရန် ဦးတည်ချက်ဖြင့် ထုတ်ပြန်သည့် ဥရောပ သမဂ္ဂ ဥက္ကဋ္ဌ၏ ကြေညာချက်အပေါ် များစွာ စိတ်ပျက်မိပါသည်” ဟု ရေးသားထားသည်။

“သောင်းကျန်းသူ အုပ်စုများထံမှ ရရှိသည့် တိကျခိုင်လုံမှု မရှိသော အချက်အလက်များနှင့် ဘက်လိုက်ဖော်ပြသည့် သတင်းများကို အခြေပြုကာ ထုတ်ပြန်ခဲ့သည့် မှန်ကန်မှု မရှိသော အီးယူဥက္ကဋ္ဌ၏ ကြေညာချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြတ်သားစွာ ပယ်ချလိုက်ကြောင်း” လည်း ဆိုထားသည်။

ဦးဌေးအောင်က “ဥရောပသမဂ္ဂ တခုလုံးက ဒီကြေညာချက်ကို ထုတ်တယ်ဆိုကတည်းက အဖွဲ့ဝင်နိုင်ငံတွေက ဒီအချက်အလက်တွေ တာဝန်ယူလို့၊ မှန်ကန်တယ်လို့ သူတို့ ဆုံးဖြတ်လို့ ထုတ်တာပေါ့” ဟု ပြောသည်။

ဥရောပသမဂ္ဂတွင် ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်၊ ချက်နိုင်ငံ၊ အီတလီ အစရှိသည့် နိုင်ငံများအပြင် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံနှင့် ပါဝင်ကြသည်။ လက်ရှိတွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု သက်တမ်း ၁ နှစ် ထပ်တိုးထားသည့် အဖွဲ့ကြီးလည်း ဖြစ်သည်။




0 ယောက်ရဲ့ထင်မြင်ချက်: