6/16/2009

ဗိုလ်ချုပ်ကြီးများ၏ အိမ်မက်


မဇ္ဈိမသတင်းဌာန

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့ အရေးယူမည်ဟု ခြိမ်းခြောက်ခံထားရသော်လည်း ကွန်မြူနစ် အာဏာရှင် မြောက်ကိုရီးယားသည် ဂရုမစိုက်ဘဲ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအတွက်သာ ရှေ့ဆက်လှမ်းလျက် ရှိသည်။

လူဦးရေ ၂၃ သန်းကျော်ရှိ မြောက်ကိုရီးယားနိုင်ငံ၏ စီးပွားရေးက ၁၉၉ဝ ခုနှစ်ကျော်များ ကတည်းက ဆုတ်ယုတ်ကျဆင်းနေပြီး သန်းနှင့်ချီသော ပြည်သူများ အငတ်ဘေးကျရောက်မည့် ချောက်ကမ်းပါးတွင် ရှိနေသော်လည်း ဇိမ်ခံတတ်သော တယူသန် ခေါင်းဆောင်ကြီး ကင်ဂျုံအီးကမူ ပလူတိုနီယံ လက်နက် ပြုလုပ်ရန်လောက်သာ အရေးထားသည်တော့ မဟုတ်ချေ။

ကိုရီးယားကျွန်းဆွယ်၏ တောင်ဘက်ခြမ်းတွင် ဖွံ့ဖြိုးတိုးတက်ကာ အာရှဒေသတွင် ထိပ်တန်းနေရာ၌ ရောက်ရှိနေပြီး၊ ကမ္ဘာတွင် အမြင့်မားဆုံးသော လူနေမှု အဆင့်အတန်းတခုကို ပြည်သူများ ခံစားနေရသော်လည်း မြောက်ဘက်ခြမ်းမှ ဟောလိဝုဒ် ရုပ်ရှင်ပရိသတ် ခေါင်းဆောင်ကြီးက ကိုယ့်အားကိုယ့်ကိုးရေး မူကို နှုတ်မှ တဖွဖွ ရွတ်ဆိုနေပြီး တိုင်းပြည်ဘဏ္ဍာများကို စစ်ရေးတည်ဆောက်ရန်သာ လုံးပမ်းနေသည်။ မြောက်ကိုရီးယား၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုးက တောင်ကိုရီးယား၏ ၃ ရာခိုင်နှုန်းပင် မမီချေ။

မြေအောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုကို


ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် နိုင်ငံများက တညီတညွတ်တည်း အရေးယူပိတ်ဆို့မှု ပြုလုပ်ရန် မဲပေးခဲ့ကြသည်။ သို့သော်လည်း မြောက်ကိုရီးယားက ထိပ်ဖူးလက်နက် သယ်ဆောင်နိုင်သော ဒုံးကျည်တခု စမ်းသပ်ပစ်လွှတ်မှုပင် ထပ်မံပြုခဲ့ပြန်သည်။

စစ်သည်အင်အား တသန်းရှိသော မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံဖြစ်လာလျှင်ဟုဆိုကာ ကမ္ဘာ့ပြည်သူများ ရတက်မအေးရ ဖြစ်နေချိန်တွင် အားကျနေသူများအနက် မြန်မာစစ်ခေါင်းဆောင်များသည် ထိပ်ဆုံးက ပါဝင်နေမည် ဖြစ်သည်။

၁၉၈၃ ခုနှစ်က မြောက်ကိုရီးယား သူလျှိုများ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယား အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၊ ဝန်ကြီး ၃ ဦး အပါအဝင် အရာရှိများ သေဆုံးခဲ့မှု ဖြစ်ပွားပြီးနောက် သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့သည့် အနေအထားမှ စစ်လက်နက် ဖြည့်တင်းရန်၊ နည်းပညာ အကူအညီရယူရန် လက်ရှိ မြန်မာစစ်အစိုးရက လုံးပမ်းခဲ့ရာ ယခုအနေအထားတွင် ဘဝတူ စာနာဖွယ်ရာ ရင်းနှီးသော ဆက်ဆံရေး ရယူနိုင်ခဲ့ကြပြီ ဖြစ်သည်။

မြောက်ကိုရီးယားနှင့် မြန်မာအပေါ်တွင် အစဉ်အလာ သြဇာလွှမ်းမိုးမှုရှိသော တရုတ်နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် ဆုံးဖြတ်ချက်တခု ချမှတ်ရာတွင် မြောက်ကိုရီးယား သင်္ဘောများကို ကြားဖြတ်စစ်ဆေးခြင်း၊ လက်နက်ရောင်းချမှု ပိုမိုပိတ်ပင်ခြင်းနှင့် ဘဏ္ဍာရေးပိတ်ဆို့မှုတို့ ပါဝင်သည်။ သို့တိုင်အောင် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးကို တုံ့ဆိုင်းလိုက်ဖို့ပင် အာမ မခံနိုင်သေးသည့် အနေအထားပင် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် အလှမ်းကွာဝေးသည်ဟု ယုံကြည်ရသော်လည်း စစ်တပ်ကို ထပ်မံတိုးချဲ့နေသည်ကဖြင့် ထင်ရှားလှသည်။ လက်ထပ်မင်္ဂလာပွဲတွင် စိန်ကို ပဒေသာပင်သီးသလို ဆင်မြန်းခဲ့သော သတို့သမီး၏ ဖခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်သည့် ဆင်းရဲတွင်းနက်လှသည့် နိုင်ငံမှ စစ်အစိုးရသည်လည်း ဒုတိယ မြောက်ကိုရီးယားဖြစ်ရေး အိပ်မက်ကို မက်နေမည်လား ဆိုသည်က သံသယ ဖြစ်မည့်သူ နည်းပါးလှမည် ဖြစ်သည်။




0 ယောက်ရဲ့ထင်မြင်ချက်: