6/06/2009

စီရင်ချက်မချမီ ဥပဒေချိုးဖောက်ကြောင်း ပြောဆိုမှုမှာ တရားရုံးကို မထေမဲ့မြင်ပြုရာရောက်


RFA

ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုမပြီးပြတ်ခင် သူ့ကို ဥပဒေချိုးဖောက်သူလို့ လူသိရှင်ကြား ပြောဆိုတာဟာ တရားရုံးကို မထေမဲ့မြင် လုပ်ရာရောက်တယ်လို့ ရှေ့နေကြီး ဦးကြည်ဝင်းက ပြောလိုက်ပါတယ်။
မြန်မာ စစ်အစိုးရ၏ ကာကွယ်ရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အေးမြင့် စင်ကာပူနိုင်ငံတွင် ကျင်းပသော ၈ ကြိမ်မြောက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာမှု လုံခြုံရေး ကွန်ဖရင့်တွင် မေလ ၃၁ရက်က မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ပြီးခဲ့တဲ့ မေလ ၃၁ရက်တုန်းက စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ကာကွယ်ရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် အေးမြင့်က နိုင်ငံခြားသားတယောက် အိမ်ထဲဝင်လာတာကို ထိန်ချန်ထားတဲ့အမှုနဲ့ တရားစွဲဆိုတာလို့ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေချိုးဖောက်ခွင့် မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဥပဒေချိုးဖောက်တယ် မချိုးဖောက်ဘူးဆိုတာ တရားရုံးက အဆုံးအဖြတ်ပေးရမဲ့ ကိစ္စဖြစ်တယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

ဦးကြည်ဝင်း။ ။ 'သူက ကြေညာပြောတဲ့ စားပွဲဝိုင်းမှာ ဒီတိုင်း သူပြောတဲ့ဟာမျိုး မဟုတ်ပဲနဲ့ တရားဝင်အစည်းအဝေးတို့ ဘာတို့မှာ ပြောရင်တော့ ဒါက ဘာဖြစ်လဲဆိုတော့ it is contempt of court ဆိုတာ တရားရုံးကို မထီမဲ့မြင် လုပ်ရာရောက်တယ်။'


ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို ဝင်ရောက်တဲ့ ဂျွန် ဝီလီယမ် ယက်တောဟာ ၂ဝဝ၈ခု နိုဝင်ဘာလတုန်း ခုလိုပဲ တကြိမ် ဝင်ရောက်ခဲ့ဖူးပြီး ဒီအကြောင်းကို မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက တဆင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းပေးပို့ခဲ့ပေမဲ့ သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်တာ မရှိဘူးလို့ သိရပါတယ်။

စစ်အစိုးရက တရားစွဲဆိုထားတဲ့ အမှုအပေါ်မှာ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က အဆိုပြုထားတဲ့ သက်သေလေးဦးထဲက တဦးကိုပဲ လက်ခံစစ်ဆေးခဲ့တာဟာ ပြဌာန်းထားတဲ့ ဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ရန်ကုန်တိုင်းတရားရုံးမှာ ဒီကနေ့ ညနေ ၄နာရီက အမှုဖွင့် လျှောက်လဲတင်သွင်းခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေနေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက အခုလိုရှင်းပြပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'ကျွန်တော်တို့ တင်တဲ့ လျှောက်လဲတဲ့ ပြင်ဆင်မှုပေါ့၊ ဒါ ကျွန်တော်တို့ revisional case ခေါ်တယ်။ ဒီပြင်ဆင်မှုကို တရားရုံးက လက်ခံတယ်၊ လက်မခံဘူး သူက အမိန့်ချမှတ်မယ်။ လက်ခံခဲ့ရင်တော့ နောက်ထပ် နှစ်ဖက်ပေါ့၊ အစိုးရဘက်ရော၊ ကျွန်တော်တို့ဘက်ရော လျှောက်လဲချက်ပေးရမယ်။ လက်မခံရင်တော့ ကျွန်တော်တို့ အမှုကို ပယ်ချခံရတာပေါ့။'

အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပယ်ချခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်သေသုံးဦးကတော့ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်နဲ့ တောင်ကြီးမြို့က ဒေါ်ခင်မိုးမိုးတို့ ဖြစ်ပါတယ်။

ဇွန်လ ၅ရက် လာမဲ့ သောကြာနေ့ အမှုစစ်ဆေးတဲ့အခါမှာလည်း စီရင်ချက်ကို အပြီးချနိုင်သလို တရားရုံးဘက်က ရက်ရွှေ့ဆိုင်းနိုင်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောသွားပါတယ်။




0 ယောက်ရဲ့ထင်မြင်ချက်: