6/02/2009

မစ္စတာယက်တောကိစ္စ စီအိုင်အေလက်ချက်ဟု စက်မှုဝန်ကြီးပြောကြား



RFA
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း နာယက၊ မန္တလေးတိုင်း စည်းရုံးရေးမှူး အမှတ် (၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းဟာ ဇွန်လ ၁ရက် ဒီနေ့မနက်မှာ ပြည်ကြီးတံခွန်မြို့နယ်က ပြည်သူတွေကို တအိမ်တယောက် မတက်မနေရ ဆင့်ခေါ်ပြီးတော့ မိုးထိအောင်စည် ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ သြဝါဒ ပေးပွဲ ကျင်းပပြီး ရွေးကောက်ပွဲလုပ်ရင် ၂ဝဝ၈ ဆန္ဒခံယူပွဲတုန်းကလို ထောက်ခံကြဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲ ရေကူးပြီး ဝင်ခဲ့တဲ့ မစ္စတာ ယက်တောကိစ္စဟာ အနောက်နိုင်ငံတွေနဲ့ စီအိုင်အေ လက်ချက်ဆိုပြီး ပြောသွားတယ်လို့ တက်ရောက် နားထောင်ခဲ့ရသူတဦးက RFA ကို ပြောပါတယ်။

နားထောင်ခဲ့ရသူ။ ။ '၂ဝဝ၈တုန်းက ၉၂ ရာခိုင်နှုန်းကျော် အောင်မြင်တဲ့ပုံစံမျိုးကို အောင်မြင်သွားအောင် ကြိုးစားပေးကြပါဆိုတာတော့ ပြောသွားတယ်ဗျ။ ဒေါ်စုကြည်ရဲ့ အိမ်ဝင်းထဲမှာ ဝင်တဲ့ကိစ္စက ကျုပ်တို့အစိုးရရဲ့ ပယောဂ မပါပါဘူးတဲ့။ အဲဒီ အနောက်အုပ်စုနဲ့ စီအိုင်အေရဲ့ အကွက်ကျကျ ကြံစည်မှုသာ ဖြစ်တယ်ဆိုပြီးတော့ ပြောသွားတာလည်း ကျွန်တော်တို့ ကြားလိုက်ရတယ်။'

ဝန်ကြီး ဦးအောင်သောင်းက ရပ်ကွက်တခုက မူလတန်းကျောင်းအတွက် ၁၅သိန်း ပေးမယ်လို့ ကတိပြုခဲ့သလို၊ နောက် ရပ်ကွက်တခုရဲ့ လမ်းခင်းပေးဖို့နဲ့ စာသင်ကျောင်းတခုရဲ့ အုတ်တံတိုင်း အခန်း ၂ဝ ကာရံပေးဖို့ သဘောတူသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီသြဝါဒ ခံယူပွဲကို ဘယ်လို ဖိတ်ကြားခဲ့သလဲ၊ လူထုကရော စိတ်ဝင်စားမှု ရှိရဲ့လားလို့ မေးကြည့်တော့ သူက ခုလို ပြောပြပါတယ်။

နားထောင်ခဲ့ရသူ။ ။ 'လူထုက စိတ်ပါဝင်စားမှု ဆိုတာကတော့ ရှိကြတယ်လို့တော့ မဟုတ်ဖူးပေါ့ဗျာ၊ ကြောက်တော့ ကျွန်တော်တို့ လူထုက လိုက်ကြရတာပေါ့။ ကဲ သွားရမှ ဖြစ်မယ်ဆိုတဲ့ ဟာမျိုးကို ကျွန်တော်တို့ စိတ်တွေထဲမှာတော့ အဲလိုပဲ ဖြစ်နေကြတာပေါ့ဗျာ။ အဲ မလိုက်ရင် ဒဏ်ငွေ တထောင်ဆိုတာ တချို့ရပ်ကွက်တွေမှာ ပြောပါတယ်။ တချို့ရပ်ကွက်တွေကျတော့ လော်စပီကာကြီးနဲ့ ဟစ်တယ်။ တချို့ရပ်ကွက်တွေကျတော့လည်း တအိမ်တက်ဆင်း လိုက်ပြီးတော့ ဖိတ်သွားတာပေါ့ဗျာ။'

လူထုအနေနဲ့ နောက်ထပ် တောင်းဆိုစရာရှိရင် နောက်တခေါက် ထပ်လုပ်မဲ့ အခမ်းအနားမှာ ထပ်ပြောဖို့ မှာကြားပြီး မိုးရွာတာနဲ့ အခမ်းအနားကို ရုပ်သိမ်းသွားတယ်လို့ သိရပါတယ်။




0 ယောက်ရဲ့ထင်မြင်ချက်: